ထိုင်းနိုင်ငံတွင် ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက အထောက်အထားများ စုံလင်ရန်လို

ထိုင်းနိုင်ငံတွင် ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက အထောက်အထားများ စုံလင်ရန်လို
စက်တင်ဘာ 1, 2015
By Tachileik News Agency

ထိုင်းနိုင်ငံတွင် ပန်းရောင်ကဒ် ကိုင်ဆောင်သည့် မြန်မာနိုင်ငံသား အလုပ်သမားများ အနေဖြင့် မြန်မာပြည်သို့ ပြန်မည်ဆိုပါက အခက်အခဲများတွေ့ရှိပြီး ဖမ်းဆီးခံရမှုများနှင့် ကြုံတွေ့နေရသည်နှင့် ပတ်သက်၍ လိုအပ်သည့် အထောက်အထားများ ပြည့်စုံပါက ဖမ်းဆီးမှုများ ကင်းမှာဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများကို ကူညီပေးနေသည့် ရတ်ထိုင်း(RTF)အဖွဲ့မှ ကိုရဲမင်း၏ ပြောပြချက်အရ သိရသည်။

"ပန်းရောက်ကဒ်ကိုင်ဆောင်သူများ အနေနဲ့ မြန်မာပြည်ကို ပြန်မယ်ဆိုရင် (၁) ပန်းရောင်ကဒ်ပြားနှင့်ပူးတွဲပါ အထောက်အထား စာရွက်စာတမ်းများ၊ (၂) သက်ဆိုင်ရာဒေသ အလုပ်သမားရုံးထောက်ခံစာနှင့် ခွင့်ပြုကြောင်းစာ၊ (၃) မြန်မာသံရုံးခရီးသွားခွင့်ထောက်ခံစာ အဲ့ဒီအချက်(၃)ချက် ပြည့်စုံပြီဆိုရင်တော့ အဖမ်းအဆီးမရှိ မြန်မာပြည်ကို တစ်ကြိမ်ပြန်ခွင့်ရှိပါတယ်.."ဟု ရတ်ထိုင်း(RTF)အဖွဲ့မှ ကိုရဲမင်းက ပြောပြသည်။

"ပန်းရောင်ကဒ် လက်ဝယ်ရှိပြီး မြန်မာမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ရှိသူများ အနေဖြင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် သာမန်နိုင်ငံကူး လက်မှတ် ပတ်စပိုစ့်စာအုပ်အား လာရောက် လျှောက်ထားနိုင်မှာဖြစ်ကြောင်း မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ပန်းရောင်ကဒ်ကိုင်ဆောင်သူများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက လိုအပ်သည့် အထောက် အထားများကို သိရှိနိုင်ရန်အတွက် မြန်မာ - ထိုင်း နယ်စပ်မြို့များဖြစ်သည့် မယ်ဆိုင်မြို့ နှင့် တာ့ခရိုင် စစ်ဆေးရေးဂိတ်တို့တွင်လည်း ပိုစတာများဖြင့် အသိပေးထားကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~