လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးမှုများနှင့်အတူ သားငှက်တိရစ္ဆာန် ရောင်းဝယ်မှု အသိပညာပေးမှုများ တာချီလိတ်၌ ပြုလုပ်

လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးမှုများနှင့်အတူ သားငှက်တိရစ္ဆာန် ရောင်းဝယ်မှု အသိပညာပေးမှုများ တာချီလိတ်၌ ပြုလုပ်
စက်တင်ဘာ 3, 2015
By Tachileik News Agency

နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် စက်တင်ဘာလ(၂)ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများက တတိယအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးမှုများနှင့်အတူ သားငှက်တိရစ္ဆာန် ရောင်းဝယ်မှု အသိပညာပေး လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ (Border Cooperation On Anti-Trafficking In Person) BCATIP ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် ပါဝင်သည့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ စသည်တို့မှ စတေကာ (၅၅၃)ခု နှင့် လက်ကမ်းစာစောင် (၈၅၀)စောင်တို့ကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် သွားလာနေကြသော ခရီးသွားပြည်သူများ၊ အနီးအဝေးပြေးဆွဲနေသော မော်တော်ယာဉ်များ၊ အငှားဆိုင်ကယ်တက္ကစီများ စသည်တို့ကို ဖြန့်ဝေပေးခဲ့တာဖြစ်ကြောင်း သိရသည်။

တဆက်တည်းမှာပင် သားငှက်တိရစ္ဆာန် ရောင်းဝယ်မှု အသိပညာပေး ဆိုင်းဘုတ်အား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ်(၂)ရှိ တံတားထိပ်တွင် စိုက်ထူထားရှိရာ သက်ဆိုင်ရာများမှ ဖွင့်လှစ်ပေးခဲ့ကြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~