တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ ဆွမ်းခံကြွသော သံဃာတော်များ နှင့် ကိုရင်များ ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မီဒီယာများဖြစ်သည့် ထိုင်းရတ်သတင်းဌာနနှင့် မယ်ဆိုင်အွန်လိုင်း သတင်းဌာနတို့တွင် စက်တင်ဘာလ(၃)ရက်နေ့နှင့် ယနေ့ စက်တင်ဘာလ(၄)ရက်နေ့တို့တွင် ရေးသားဖော်ပြထားတာကို တွေ့ရှိရသည်။
ထိုင်းမီဒီယာများမှ ဖော်ပြရာတွင် မြန်မာဘက်မှ ကြွရောက်လာသော သံဃာတော်များသည် မယ်ဆိုင်ဈေး အတွင်း၌ နံနက် (၇)နာရီမှ နံနက်(၁၁)နာရီအချိန်ထိ တစ်နေရာတည်းတွင် ဆွမ်းခံနေပြီး၊ သပိတ်ထဲတွင်လည်း ဆွမ်းများ၊ ၀တ္ထုငွေများ နှင့် အခြား လှူဖွယ်ပစ္စည်းများဖြင့် ပြည့်နေသော်လည်း ဆက်လက်၍ အလှူခံနေလျက်ရှိသည့်အတွက် ယခုလို ဆွမ်းခံနေမှုသည် မသင့်တော်ကြောင်း အပြင် နေ့စဉ် ဆွမ်းခံနေမှုနှင့် ပတ်သက်၍ ဈေးသည်များက မယ်ဆိုင်သတင်းဌာနသို့ အသိပေးလာရာမှ တဆင့် ဆွမ်းခံ သံဃာတော်များအား မယ်ဆိုင်ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရကြောင်း ရေးသားဖော်ပြထားသည်။
ယခုလို မယ်ဆိုင်သို့ လာရောက်၍ ဆွမ်းခံခြင်းအတွက် ထိုင်းဘက်ရှိ အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်မှ သက်ဆိုင်ရာ လ၀ကများအနေဖြင့်လည်း တားဆီးသွားရန်အတွက် ညွှန်ကြားသွားမှာဖြစ်ကြောင်းလည်း သိရသည်။