ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံတွင် အရေးပေါ်လူနာများမှ လွဲ၍ တစ်နေ့လျှင် ပြင်ပလူနာ အယောက်(၃၅၀)ထိသာ လက်ခံကုသပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြား

ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံတွင် အရေးပေါ်လူနာများမှ လွဲ၍ တစ်နေ့လျှင် ပြင်ပလူနာ အယောက်(၃၅၀)ထိသာ လက်ခံကုသပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြား
စက်တင်ဘာ 14, 2015
By Tachileik News Agency

တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဆေးရုံတွင် ပြင်ပလူနာများကို တစ်ရက်လျှင် လူနာဦးရေ (၃၅၀)သာ လက်ခံကာ ကုသပေးသွားမှာဖြစ်သော်လည်း အရေးပေါ်လူနာများကို ဦးစားပေးသွားမှာဖြစ်ကြောင်း မယ်ဆိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

"မယ်ဆိုင်ဆေးရုံရဲ့ ပြင်ပလူနာဆောင်မှာ တစ်ရက်ကို လူနာ ဦးရေ (၃၅၀)ပဲ လက်ခံပေးပြီး ကုသပေးသွားမှာပါ၊ ပုံမှန်အားဖြင့်က တစ်ရက်ကို ပြင်ပလူနာ (၄၀၀)ကနေ (၅၀၀)ထိ လာရောက်ကြတော့ တစ်ရက်တစ်ရက်ကို လူနာအရမ်းများပါတယ်၊ တစ်ခါတစ်လေ လူနာအရမ်းများတဲ့ အချိန်မျိုးဆိုရင် တာဝန်ကျ ဆရာဝန်တွေ မလောက်ငှတာကြောင့် နေ့လည်က လာတဲ့ လူနာတွေကို ည(၇)နာရီမှ ကုပေးရတာလည်း ရှိပါတယ်.."ဟု မယ်ဆိုင်ဆေးရုံရှိ တာဝန်ရှိသူမှ ပြောပြသည်။

"တစ်ရက်ကို ပြင်ပ လူနာဦးရေ (၃၅၀)ကျော်သွားရင်တော့ လက်မခံတော့ပါဘူး၊ တကယ်လို့ လူနာအယောက် (၃၅၀)ကျော်သွားပြီးမှ အဲ့ဒီလူနာတွေထဲက ဆရာဝန်ချိန်းတဲ့ ရက်မှန်တဲ့ လူနာနဲ့ အရေးပေါ် လူနာမျိုးတွေဆိုရင်တော့ ဦးစားပေး ကုသပေးသွားမှာဖြစ်ပြီး အရေးပေါ်မဟုတ်တဲ့ လူနာတွေကိုတော့ နောက်တစ်ရက် ပြန်ချိန်းမှာဖြစ်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။

"သားကြောဖြတ်တာကိုလည်း သောကြာနေ့ မနက်ပိုင်းပဲ လုပ်ပေးတော့မှာ ဖြစ်ပါတယ်၊ အရင်ကတော့ အင်္ဂါနေ့၊ ကြာပတေးနေ့ နဲ့ သောကြာနေ့ (၃)ရက် လုပ်ပေးပါတယ်၊ ခွဲစိတ်ဆရာဝန် နဲ့ သမားတော်ကတော့ အင်္ဂါ နဲ့ ကြာသပတေး နေ့လည်ပိုင်းပဲရှိတယ်၊ အရိုးအထူးကုက တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ သောကြာနေ့ နေ့လည်ပိုင်းပဲရှိပါတယ်၊ အထွေထွေကု ဆရာဝန်တွေကတော့ နေ့တိုင်းရှိပါတယ်" ထပ်မံရှင်းပြသည်။

အချို့ရက်များတွင် နေ့လည်(၁)နာရီကျော်ဆိုလျှင် လူနာဦးရေမှာ (၃၅၀)ကျော်နေတတ်သည့်အတွက် ဆေးရုံသို့ ညနေ (၃)နာရီဝန်းကျင်မှ လာရောက်လျှင် အဆင်မပြေနိုင်တော့ကြောင်း၊ ညနေ(၄)နာရီမှ ည(၈)နာရီအချိန်ထိ အရေးပေါ်အခန်းထဲတွင် ဆရာဝန်(၂)ဦးရှိကြောင်း၊ အရေးပေါ်မဟုတ်သည့် သာမန် ဖျားနာ လူနာများကို သူနာပြုမှ စစ်ဆေးပြီး ဆေးကုသပေးကြောင်း သိရသည်။

မယ်ဆိုင်ဆေးရုံတွင် မော်တော်ဆိုင်ကယ်များ ၀င်ရောက် သွားလာမှုနှင့် ပတ်သက်၍ အောက်တိုဘာလ (၁)ရက်နေ့မှစကာ ဆေးရုံဂိတ်အ၀င်သို့ မော်တော်ဆိုင်ကယ် စီးနင်း/မောင်းနင်းသူများ အနေဖြင့် မော်တော်ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူများကို ဆေးရုံအတွင်း ၀င်ခွင့်ပြုမည် မဟုတ်ကြောင်း စက်တင်ဘာလ ပထမအပတ်တွင်းမှာ လက်ကမ်းစာရွက်များဖြင့် အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။

အဆိုပါ မယ်ဆိုင်ဆေးရုံသည် မယ်ဆိုင်မြို့တွင်းမှ ထိုင်းနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများ နှင့် တာချီလိတ်မြို့မှ တိုင်းရင်းသား ပြည်သူ လူနာများ သွားရောက် ဆေးကုသမှုခံယူလေ့ရှိသော ဆေးရုံဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~