ထိုင်းနိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးကာ အရေးယူပြီးနောက် မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းလာမှုများသည် စက်တင်ဘာလ၏ လ၀က်အတွင်း၌ (၁၄၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို ဖမ်းဆီးနေလျက်ရှိပြီး ထိုင်းလ၀ကတွင် မှတ်တမ်းယူပြီးနောက် မြန်မာဘက်သို့ ပြန်လည်၍ လွှဲပြောင်းလာရာ စက်တင်ဘာလ(၁၄)ရက်နေ့ က အမျိုးသား(၁၉)ဦး နှင့် အမျိုးသမီး (၁၁)ဦး စုစုပေါင်း (၃၀)ဦးပါဝင်ကြောင်း သိရသည်။
"မယ်ဆိုင်ဘက်မှာ ရှိတဲ့ မုန်ဒဲင်းတံတားမှာ အလုပ်ရမလားလို့ သွားစောင့်နေတာ၊ ရဲကလာပြီး ဖမ်းသွားလို့ အဖမ်းခံရပြီး အခုလို လွှဲပြောင်းတဲ့အထဲ ပါလာတာပါ.."ဟု လွှဲပြောင်းရာတွင် ပါဝင်သည့် အမျိုးသား တစ်ဦးက ပြောပြသည်။
တာချီလိတ်၌ နေထိုင်သူ လက်လုပ်လက်စားများထဲမှ အမျိုးသားများအနေဖြင့် နေ့စဉ်ပုံမှန် အလုပ်ရရှိရေးအတွက် တာချီလိတ်မြို့နှင့် အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာအများအခေါ် အလုပ်သမားတံတားဖြစ်သည့် မုန်ဒဲင်းတံတားတွင် ထမင်းထုပ်များဖြင့် သွားရပ်၍ စောင့်မျှော်ရကြောင်း၊ အလုပ်လာခေါ်မည့်သူရှိက လိုက်လုပ်ကြပြီး၊ လာခေါ်မည့်သူ မရှိက ညနေဆိုလျှင် အိမ်သို့ ပြန်လာခဲ့ရပြီး အလုပ်မရသည့် ရက်များလည်း ရှိကြောင်း ၎င်းထံမှ သိရသည်။
ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်မှုအဖြစ် စက်တင်ဘာလ(၄)ရက်နေ့က (၂၇)ဦး၊ စက်တင်ဘာလ(၅)ရက်နေ့က (၃၅)ဦးနှင့် စက်တင်ဘာလ(၁၀)ရက်နေ့တွင် (၂၁)ဦး အပြင် ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် (၂၂)ဦး၊ စက်တင်ဘာလ(၁၂)ရက်နေ့က (၁၄)ဦး နှင့် စက်တင်ဘာလ(၁၄)ရက်နေ့က (၃၀)ဦး ရှိရာ စက်တင်ဘာလ လ၀က်အတွင်း (၁၄၉)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။