ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရောက်ရှိနေပြီး အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲတပ်ဖွဲ့နှင့် လ၀က မှ ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ စဉ်ဆက်မပြတ် ပို့ဆောင်နေလျက်ရှိရာ ယနေ့ စက်တင်ဘာလ (၁၈)ရက်နေ့တွင် မြန်မာနိုင်ငံသား (၂၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းလာရာတွင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း စသည်တို့မှ အမျိုးသား (၂၂)ဦး နှင့် အမျိုးသမီး (၆)ဦး စုစုပေါင်း (၂၈)ဦး ပါဝင်ကြောင်း သိရသည်။
"အခု ဖမ်းခံရတဲ့အဖွဲ့တွေက အသီးခြံတွေက အလုပ်သမားတွေလည်းပါသလို၊ ကြက်သွန်ရုံက အလုပ်သမားတွေလည်း ပါတယ်၊ တစ်ချို့လည်း သွားလည်ရင်းနဲ့ အဖမ်းခံရတာတွေလည်း ပါတယ်"ဟု မြန်မာဘက်တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
"ဒီ စက်တင်ဘာလထဲမှာ တရားမ၀င် မြန်မာနိုင်ငံသားတွေ တော်တော်များများ အဖမ်းခံရတာကတော့ ပြီးခဲ့တဲ့ ရက်က ထိုင်းနိုင်ငံအတွင်း ဗုံးပေါက်ကွဲပြီး လူတွေ တော်တော်များများသေတော့၊ တရားခံ ဖမ်းဆီးရမိရေးအတွက် နယ်စပ်တွေမှာ စစ်ဆေးရင်းနဲ့ တရားမ၀င်နေထိုင်တဲ့လူတွေကို ဖမ်းကြတာ၊ အဲ့ဒီထဲမှာ မြန်မာတွေလည်းပါတာပေါ့"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်မှုအဖြစ် စက်တင်ဘာလ(၄)ရက်နေ့က (၂၇)ဦး၊ စက်တင်ဘာလ(၅)ရက်နေ့က (၃၅)ဦးနှင့် စက်တင်ဘာလ(၁၀)ရက်နေ့တွင် (၂၁)ဦး အပြင် ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် (၂၂)ဦး၊ စက်တင်ဘာလ(၁၂)ရက်နေ့က (၁၄)ဦး နှင့် စက်တင်ဘာလ(၁၄)ရက်နေ့က (၃၀)ဦး၊ စက်တင်ဘာလ(၁၇)ရက်နေ့က (၂၈)ဦး နှင့် ယနေ့ စက်တင်ဘာလ(၁၈)ရက်နေ့တွင် (၂၈)ဦး အပါအ၀င် လ၀က်ကျော်အတွင်း (၂၀၅)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။