ကျိုင်းလပ်ရေးဘေး ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ထောက်ပံ့ငွေ ကျပ်သိန်း(၂၀၀)လှူဒါန်း

ကျိုင်းလပ်ရေးဘေး ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ထောက်ပံ့ငွေ ကျပ်သိန်း(၂၀၀)လှူဒါန်း
စက်တင်ဘာ 20, 2015
By Tachileik News Agency

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီမှ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သိန်း(၂၀၀)ထောက်ပံ့ ပေးအပ် လှူဒါန်းပွဲကို ယနေ့ စက်တင်ဘာလ (၂၀)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက ကျိုင်းလပ်မြို့ရှိ ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ကျိုင်းလပ်မြို့ နှင့် မိုင်းယောင်းမြို့နယ်များမှ ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအား ရေဘေးကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ပေးခဲ့မှုများ၊ ပျက်စီးခဲ့သည့် လမ်း၊ တံတား ပြန်လည် ပြုပြင်ဆောင်ရွက် ထားရှိမှုများ၊ ရေဘေးသင့် ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့၊ စေတနာရှင်အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများက ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးနိုင်မှုများ ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးက ငွေကျပ်သိန်း(၂၀၀)အား ပေးအပ်လှူဒါန်းရာ ရေဘေးသင့်ပြည်သူများ ကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လက်ခံယူသည်။

ဆက်လက်၍ ဟိန်းလင်းစံကုမ္ပဏီလီမိတက်မှ မြို့ရေပေးဝေရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းအား ကျင်းပရာ ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးရန်မျိုးအောင် က ရေလှောင်ကန်၊ ရေစစ်ကန်၊ ရေသန့်စင်စက်ရုံ တည်ဆောက် ပြီးစီးမှု၊ ရေပိုက်သွယ် တန်းမည့် အစီအစဉ် နှင့် မြို့တွင်း ရေပေးဝေနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးက သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီး နှင့်အတူ ပြည်နယ်စည်ပင်သာယာရေး
ဌာနရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် နှင့် အဖွဲ့ဝင်များ၊ အင်ဂျင်နီယာမှူး ဦးလှမျိုး နှင့် ဟိန်းလင်းစံကုမ္ပဏီ မှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရှိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ကြော်ငြာ ~~~~~~~~~