ကြိုတင်မဲ ပေးခြင်းအား ဥပဒေပါ အတိုင်း နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်သူများ မည်သည့် နေရာတွင်မဆို လိုက်လံကြည့်ရှုနိုင်သော်လည်း နေရာ(၃)ခုတွင် ကြည့်ရှုခွင့် မရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
“အဓိကတော့ ကြိုတင်မဲပေးတဲ့ နေရာမှာ သံရုံးတို့၊ ရှေ့တန်းစခန်းနဲ့ သင်တန်းကျောင်းတွေမှာ လိုက်ကြည့်လို့ မရပါဘူး၊ ကျန်တဲ့နေရာတွေမှာ အားလုံး လိုက်ကြည့်လို့ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၅ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၏ ကြိုတင်မဲပေးခြင်းတွင် မသမာမှုများ ရှိခဲ့သော်လည်း ယခု ရွေးကောက်ပွဲတွင် လွတ်လပ်မျှတရန် အာမခံကြောင်း ရွေးကောက်ပွဲ ဥပဒေပါအတိုင်း နိုင်ငံရေးပါတီနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ လိုက်လံကြည့်ရှုနိုင်ကြောင်း၊ ဆန္ဒမဲပေးရန် သက်သေခံ လက်မှတ်များအား ဆန္ဒမဲ မပေးမီ (၇)ရက်အလိုတွင် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းမှပြောကြားသည်။
သက်သေခံ လက်မှတ်ထုတ်ပေးခြင်းဖြင့် မဲဆန္ဒရှင်များ မဲရုံရှာဖွေရန် မလိုခြင်း၊ သက်သေခံ လက်မှတ်အတွင်း မဲဆန္ဒရှင်၏ မဲစာရင်းအမှတ် ပါဝင်ပြီးဖြစ်သည့် အတွက် ဆန္ဒမဲ တောင်းခံရန် လွယ်ကူခြင်းများ ရှိကြောင်း မဲဆန္ဒရှင်များမှ အခြေခံ မဲစာရင်းတွင် စာလုံးပေါင်းသတ်ပုံနှင့် အချက်အလက် မှားယွင်းနေသော်လည်း အမည်စာရင်း ပါဝင်ပါက မဲပေးခွင့် ဆုံးရှုံးမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။