၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်၌ လျှပ်စစ်မီးနှင့် ပတ်သက်၍ ပြုပြင်စရာရှိသည့် အတွက် မြန်မာနိုင်ငံ တာချီလိတ်ဘက်တွင် လျှပ်စစ်မီး နေ့ပိုင်း ခေတ္တပြတ်တောက်မှာ ဖြစ်သော်လည်း လုပ်ငန်းအမြန်ဆုံးပြီးပါက စောလျင်စွာ လျှပ်စစ်မီး လွှတ်ပေးမှာ ဖြစ်ကြောင်း သိရသည်။
"နေ့တစ်ပိုင်း မီးပြတ်မှာ ဖြစ်တဲ့အတွက် ထိုင်းဘက်က မဖြစ်မနေ အသုံးပြုနိုင်ရန်အတွက် တာချီလိတ်ဘက်ကို လျှပ်စစ်မီး 2 MW ပေးလာပါတယ်၊ အဲ့လို အရေးပေါ်သုံးအနေနဲ့ ပေးလာတဲ့ မီးကို ရုံးတချို့ရယ်၊ အမှတ်(၁)ချစ်ကြည်ရေးတံတားနဲ့ ဆေးရုံ(၂)ခုလုံးကို မီးခွဲဝေပေးသွားမှာပါ..."ဟု မြို့မီးလင်းရေးကော်မတီမှ လျှပ်စစ်အင်ဂျင်နီယာ အကြံပေး ဦးထိန်မင်းက ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်မည့် အချိန်ကြာမြင့်ချိန် (၇)နာရီ ၀န်းကျင်အတွင်း လျှပ်စစ်မီး ခေတ္တပြတ်တောက်မှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်သူ့ဆေးရုံ(သစ်/ဟောင်း)၊ မြို့မရဲစခန်း နှင့် အမှတ်(၁)ချစ်ကြည်ရေးတံတားတို့တွင် ရရှိထားသော လျှပ်စစ်မီး အနည်းငယ်ကို ခွဲဝေသုံးစွဲသွားမှာဖြစ်ကြောင်း မီးလင်းရေးမှ ဒီဇင်ဘာလ(၂၂)ရက် နေ့လည်ပိုင်းက ပြုလုပ်သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သိရသည်။
"မီးခွဲဝေပေးတဲ့အခါ ကိုယ်ပိုင် ထရန်စဖော်မာ သမားတွေကိုတော့ ပိတ်ထားမှာပါ၊ တခုရှိတာက မဖြစ်မနေ ပေးရမဲ့ ရုံးတွေမှာ မီးလင်းနေမယ်၊ အဲ့လိုပဲ အဲ့ဒီရုံးနားက အိမ်တွေမှာလည်း မီးလင်းနေမယ်ဆိုရင် ရုံးကိုပေးထားတဲ့ ထရန်စဖော်မာနဲ့အတူတူပဲမို့ လင်းတာဖြစ်ပါတယ်၊ မဖြစ်မနေ မီးခွဲဝေပေးရတာမို့ ထရန်စဖော်မာ တစ်လုံးတည်းမှာ ချိတ်ထားတာတွေပါနေရင် ရုံးမဟုတ်တဲ့ အိမ်လည်း မီးရပါတယ်.."ဟု အစည်းအဝေးမှ မီးလင်းရေးကော်မတီဝင် တစ်ဦးက ရှင်းပြသည်။
ထိုင်းဘက်မှ လျှပ်စစ်မီး ပြုပြင်လေ့ရှိသည့် အခါတိုင်း၌ ရုံးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် 2MWအား ပေးလေ့ရှိရာ မြန်မာဘက်မှ လျှပ်စစ်မီး သုံးစွဲသူများ အနေဖြင့် ၎င်းတို့ သတ်မှတ်ပေးထားသည့် 2MW ထက်ကျော်လွန်စွာ သုံးစွဲမှုရှိပါက ထိုင်းဘက်တွင် စက်ချို့ယွင်းမှုများ ဖြစ်စေနိုင်ကြောင်း သိရသည့် အတွက် မြန်မာဘက်မှ ရရှိထားသော 2MW အား တစ်မြို့လုံးသို့ ခွဲဝေပေးနိုင်ခြင်း မရှိကြောင်းနှင့် ရုံးသုံးများအတွက်သာ ခွဲဝေပေးနိုင်တာဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်ထိ လျှပ်စစ်မီး ပြတ်တောက်ချိန်များတွင် မီးလင်းရေး အပိုင်း(၁)ထဲမှ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တို့ရှိ အချို့သော နေရာများတွင် လျှပ်စစ်မီး ရရှိနေမှာဖြစ်သော်လည်း အစိုးရရုံးအား ပေးထားသည့် ထရန်စဖော်မာများနှင့် ချိတ်ထားသည့် အိမ်များသာ မီးရရှိနေမှာဖြစ်ကြောင်းနှင့် မီးလင်းရေး အပိုင်း(၂)ဖြစ်သည့် ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင် ရပ်ကွက်/ကျေးရွာများတွင် လျှပ်စစ်မီး နေ့ပိုင်း လုံးဝပြတ်တောက်မှာ ဖြစ်ပြီး ညနေပိုင်းကျမှာသာ ပုံမှန် ပြန်လည်သုံးစွဲ၍ ရနိုင်မှာ ဖြစ်ကြောင်း သိရသည်။