ဖန်ခါးကုန်းတွင် တာချီလိတ်ဒေသခံများ၏ စေတနာဖြင့် စာသင်ကျောင်းအား ဖေဖော်ဝါရီလအတွင်း စတင်တည်ဆောက်မည်

ဖန်ခါးကုန်းတွင် တာချီလိတ်ဒေသခံများ၏ စေတနာဖြင့် စာသင်ကျောင်းအား ဖေဖော်ဝါရီလအတွင်း စတင်တည်ဆောက်မည်
ဒီဇင်ဘာ 23, 2015
By Tachileik News Agency

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဖန်ခါးကုန်းကျေးရွာ၌ ရေကြီးမှုကြောင့် ပျက်စီးသွားသည့် အခြေခံပညာမူလတန်းကျောင်း(ခွဲ)အား တာချီလိတ်မြို့မှ လှုဒါန်းမှုဖြင့် အဆင့်မြှင့် တည်ဆောက်ရန် စီစဉ်နေချိန်တွင် မူလတန်းကျောင်းအဆင့်သို့ ပညာရေးဌာနမှ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီကျောင်းကို အဆင့်တိုးမြှင့် ဆောက်လုပ်ဖို့အတွက် ပြင်ဆင်နေဆဲမှာ ၀မ်းသာစရာ သတင်း တစ်ခုက ဒီကျောင်းကို မူလတန်းခွဲကျောင်းအဆင့်ကနေ မူလတန်းအဆင့်ကို ပညာရေးဌာနက တိုးမြှင့်ပေးလိုက်ပါတယ်"ဟု တာချီလိတ်မှ သွားရောက်သူ ကျောင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

တာချီလိတ်မြို့မှ စေတနာရှင်များက ဆောက်လုပ်လှူဒါန်းမည့် အဆိုပါ ကျောင်းနှင့် ပတ်သက်၍ ရေကြည်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ကျောင်းအား အဆင့် တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးယိုယွင်းခဲ့သည့် အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အား အဆင့်မြှင့်တည်ဆောက်ရန်  တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော်ကြီး၏ ဦးဆောင်မှုနှင့် တာချီလိတ်မြို့မှ စေတနာရှင်များက စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျောင်းဆောက်လုပ်မယ့် မြေနေရာက အခုထိ ရေက မခမ်းသေးဘူး။ နောက်ပြီး ကျောင်းဆောက်လုပ်ဖို့ အတွက် ပစ္စည်းတွေ သယ်ယူဖို့ကလည်း လမ်းမပေါက်သေးတဲ့အပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလည်း မပြီးသေးတာကြောင့် ဒေသခံများနဲ့  ညှိနှိုင်းတိုင်ပင်ကြတဲ့အခါမှာ ရွာခံတွေရဲ့ သဘောတူညီချက်အရ ကျောင်းဆောင်သစ် စတင်ဆောက်လုပ်မယ့်ရက်ကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှာ ပြုလုပ်ဖို့ အတည်ပြုလိုက်ပါတယ်"ဟု ဦးအောင်ဖြိုးရှိန်က ဆိုသည်။

ကျောင်းတည်ဆောက်မည့် ဖန်ခါးကုန်းကျေးရွာသို့ ရောက်ရှိရန် ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့မှ ထန်းကျွန်းသို့ ဆိုင်ကယ်ဖြင့်သွားရပြီး၊ ထန်းကျွန်းမှ ဖန်ခါးကုန်းကျေးရွာသို့ ခြေလျင် (၃၀)မိနစ်ကျော် သွားရခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဆောက်လုပ်ရာတွင် စေတနာရှင် အလှူရှင်များအနေဖြင့် မိမိတို့ဘက်မှ တတ်နိုင်သလောက် ပါဝင်လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများအလိုက် ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊
ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။

ဦးမြင့်ဦး(မုတ်ဆိတ်)
မြင့်ဦးအောင်သတ္တူတူးဖော်ရေးလုပ်ငန်း
တာချီလိတ်မြို့။

ဗယ်လင်တိုင်း
ကဖေးနှင့်အအေး စားသောက်ဆိုင်
ဘုရင့်နောင်ရင်ပြင်ရှေ့တည့်တည့်၊ ဗိုလ်ချုပ်လမ်းမဘေး၊
တာလော့ရပ်ကွက် တာချီလိတ်မြို့။

ဦးနေ၀င်း
BT ဆီပန့် ( စက်သုံးဆီရောင်းဝယ်ရေး )
ပါလျှံလမ်းဆုံ၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့။

ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်
ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~