မြန်မာနိုင်ငံသား နှစ်ဦးအပေါ် ထိုင်းတရားရုံးမှ သေဒဏ် အမိန့်ချလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအကြား ဂယက်လှိုက်သွားစေခဲ့ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ရသည်မှာ အရေးကြုံလာက မိမိတို့၏ အစိုးရမှ ထိထိရောက်ရောက် ပါဝင်ကူညီပေးနိုင်မှု နည်းပါးသည်ဟု ထိုင်းနိုင်ငံအတွင်း သွားရောက်ကြသော ရွှေ့ပြောင်း မြန်မာလုပ်သားများက ပြောဆိုနေကြသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးအား လူသတ်တရားခံဟု သတ်မှတ်ကာ ဖမ်းဆီးထားပြီး တစ်နှစ်ကျော်အကြာ ယင်းအမှုအား စစ်ဆေးမှုပြီးနောက် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းမှာ ကော့စမွေတရားရုံးမှ ထိုင်းတရားသူကြီးက ၎င်းတို့ နှစ်ဦးအား လူသတ်မှု ကျူးလွန်သည်ဟု အတည်ပြု ပြောဆိုကာ သေဒဏ်ပြစ်ဒဏ် အပါအ၀င် ပြစ်မှု (၇)ခုလုံးအား သီးခြား ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးထွန်းအေးထံမှ သိရသည်။
"ကျွန်တော်တို့ ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အနေနဲ့ အရင်ကလည်း အခုလို ခံလာရတာတွေ ရှိပေမဲ့၊ အခုလို ကျယ်ကျယ်ပျံ့ပျံ့ဖြစ်လာတဲ့ ကိစ္စတွေကိုလည်း မြန်မာဘက်က တာဝန်ရှိသူတွေက သိပေမဲ့၊ ထိထိရောက်ရောက် မကူညီနိုင်တာတွေကို တွေ့ရတဲ့အတွက် ထိုင်းနိုင်ငံအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ တစ်ခုခုဖြစ်ရင် ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်ဘူးဆိုတာကို သိလာရတဲ့အတွက် ရှေ့ဆက်ပြီး ဘာလုပ်လုပ် သတိထားမှ ရတော့မယ်.."ဟု ထိုင်းနိုင်ငံ မဟာချိုင်မှ မြန်မာလုပ်သားတစ်ဦးဖြစ်သူး ကိုရန်နောင်က ဆိုသည်။