ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် မင်းခေတ်သစ်သတ္တုတူးဖော်ရေးကုမ္ပဏီက တည်ဆောက်လျှက်ရှိသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း နှင့် စပ်လျဉ်းသည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ စိစစ် သုံးသပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာနေပြည်သူများအား တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ (၂၆)ရက်၊ နံနက် ၉ နာရီက မိုင်းဟဲကျေးရွာ အုပ်စု၊ကျောက်လိုဏ်ဂူကျေးရွာ အနီးရှိ စက်ရုံတည်ဆောက်မည့်နေရာ ရှင်းလင်းဆောင် ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌဦးကြည်မြင့် က အဖွင့် အမှာစကားပြောကြားပြီး၊ မင်းခေတ်သစ်သတ္တုတူးဖော်ရေး ကုမ္ပဏီ မှ ဒါရိုက်တာ ဦးစိုင်းဝန်းပန် (ခ) ဦးမောင်မောင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် စက်ရုံစီမံကိန်း အတိုင်ပင်ခံအင်ဂျင်နီယာ ဦးစောလွင်က စက်ရုံ စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များအား ပရိုဂျက်တာဖြင့် လည်းကောင်း၊ REM ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်နိုင်ဦး က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်လေ့လာသုံးသပ်ရေးအဖွဲ့(Review Team)ဒုတိယ အတွင်းရေးမှူး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဆန်းဦး နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်တို့က နိဂုံးချုပ် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မွန်းလွဲပိုင်းတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတည်ဆောက်မည့် စီမံကိန်းနေရာ နှင့် ကျောက်မီးသွေးမိုင်းတို့အား သွားရောက်ကြည့်ရှုကြသည်။
အဆိုပါ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသည် တာချီလိတ်မြို့မှ (၁၄)မိုင်ခန့် အကွာ တာချီလိတ် - မိုင်းခုတ်သွားလမ်းရှိ မိုင်းဟဲကျေးရွာအုပ်စု၊ ကျောက်လိုဏ်ဂူ ကျေးရွာမှ နှစ်မိုင်ခန့် တွင် တည်ရှိပြီး၊ လျှပ်စစ်ဓာတ်အား ၂၂ မဂ်ဂါဝပ် ထွက်ရှိမည်ဖြစ်ကာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် လည်ပတ်နိုင်မည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် တာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများ၊ ကျေးရွာနေပြည်သူများ အပြန်အလှန် ဆွေးနွေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး ကူညီဆောင်ရွက်ပေးမည့် ကဏ္ဍများကို သဘောတူ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓာတ်ပုံ။ ။ လှမြင့်