မိုင်းလားမှ တစ်ဆင့်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား

မိုင်းလားမှ တစ်ဆင့်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား
မတ် 23, 2016
By Tachileik News Agency

မိုင်းလားမှ တစ်ဆင့်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား တစ်ဦး ဓားခုတ်ခံရ၍ ကျိုင်းတုံ၌ သေဆုံး
ဇင်အောင် - Tachileik News Agency
ကျိုင်းတုံ၊ မတ်လ(၂၂)

မိုင်းလားနယ်စပ်ဂိတ်ပေါက်မှ ကျိုင်းတုံမြို့နယ်၊ နမ့်ကိုင်(အောက်)ကျေးရွာသို့ အလည်အပတ် ၀င်ရောက်လာသော တရုတ်နိုင်ငံသားတစ်ဦးအား ဒေသခံကျေးရွာသားတစ်ဦးမှ ဓားဖြင့် ၀င်ရောက်ခုတ်၍ ထွက်ပြေးတိမ်းရှောင်သွားသူအား မတ်လ(၂၁)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

"သတ်တဲ့တရားခံက မိန်းမနဲ့ ကွဲနေပြီး မူသိပ်မမှန်ဘူး ဖြစ်နေတယ်။ အသတ်ခံရတဲ့သူနဲ့ ဘာရန်ငြှိုးရန်စမှ မရှိဘူး၊ သတ်တာက မတ်လ(၁၇)ရက်နေ့မှာ ဖြစ်တာက နမ့်ကိုင်(အောက်)ရွာမှာ သတ်တဲ့သူက နမ့်ကိုင်(အပေါ်)ရွာမှာနေတာ ရွာသားတွေက ရွာထဲမှာရှိတယ်လို့ အကြောင်းကြားလာလို့ (၂၁)ရက်နေ့က သွားဖမ်းထားပါတယ် "ဟု ဒု-စခန်းမှူးရဲအုပ်ဝင်းမင်းသန့်က ပြောသည်။

အသတ်ခံရသော တရုတ်နိုင်ငံသားဖြစ်သူ ၀မ်ပလဲမှာ သူငယ်ချင်းဖြစ်သူ ကျူးတေလန်နှင့် မိုင်းလားနယ်စပ်မှ (EP)ယာယီဖြတ်သန်းခွင့်လက်မှတ်ဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ နမ့်ကိုင်း(အောက်)ရွာသို့ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါရွာတွင် အမျိုးသမီးတစ်ဦးနှင့်စကားပြောနေစဉ် နမ့်ကိုင်း(အပေါ်)ရွာနေသူ ဦးကျဖမှ ရောက်ရှိလာပြီး ဓားဖြင့်ဝင်ရောက်ခုတ်၍ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ကျိုင်းတုံ မြို့မရဲစခန်းမှ သိရသည်။

ဓားဖြင့် ခုတ်ခံရသူ တရုတ်နိုင်ငံသားမှာ ဦးခေါင်းဘယ်ဘက်ခြမ်းတွင် (၅)လက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့စဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓားဖြင့် ၀င်ရောက်ခုတ်သွားသူ နမ့်ကိုင်(အပေါ်ရွာ)နေ ဦးကျဖအား တရုတ်နိုင်ငံသား သေဆုံးမှုမဖြစ်ခင်တွင် ပြင်းထန်စွာနာကျင်စေမှု ပြစ်မှုပုဒ်မ(၃၂၆)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားသော်လည်း သေဆုံးသွားပြီးနောက် လူသတ်မှုပုဒ်မအဖြစ် ကျိုင်းတုံမြို့မရဲစခန်း(ပ)၄၇/၂၀၁၆၊ ပြစ်မှုပုဒ်မ(၃၀၂)သို့ ပြောင်းလဲ အမှုဖွင့်လှစ်၍ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net