မူးယစ်

မူးယစ်
ဇန်နဝါရီ 19, 2017
By Tachileik News Agency

နေမင်းကြီးသည် တစ်ရက်ပြီးတစ်ရက် တစ်နေ့ပြီး တစ်နေ့ ၀င်လိုက် ထွက်လိုက်
ပုံမှန် လည်ပတ်သွားလာနေပေမဲ့ ကျွန်မရဲ့ ဘ၀က ပုံမှန်မဟုတ်ဘဲ စိတ်ဆင်းရဲမှုတွေနဲ့
ဝမ်းနည်းမှုတွေက နေ့စဉ်နဲ့အမျှပါ။

ကျွန်မနေထိုင်ရာ ဒေသဟာ မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ဆိုတော့ လူမျိုးအစုံအလင်ရှိသလို
အပေါင်းအသင်း စုံလင်တဲ့ နယ်ပယ်မှာ ကျွန်မရဲ့ အမျိုးသားကတော့ သားနှစ်ယောက်ရဲ့
ရှေ့ရေးနဲ့ ကျွန်မတို့ရဲ့ လှပတဲ့ အနာဂတ်အတွက်  မတွေးဘဲ မူးယစ်ဆေးဝါးနွံထဲမှာ ပျော်မွေ့နေသူမို့ မျက်ရည်နဲ့ဒူး သုတ်ရတယ်ဆိုတာဟာ စကားအပိုမဟုတ်တဲ့ ကျွန်မအတွက်တော့ လက်တွေ့ဘ၀ပါ။

ကျွန်မ အိမ်ထောင်ကျတာ (၁၀)နှစ်ကျော်နေပေမဲ့ အိမ်ထောင်ရေး သာယာမှုက ဘယ်လိုလဲဆိုတာ
မသိရဘူး။ မူးယစ်ဆေးဝါးစွဲနေတဲ့ သူ့ရဲ့ ဒုက္ခပေးမှုတွေကြောင့် ကျွန်မရှာဖွေထားတဲ့ ပစ္စည်းတွေလည်း
အဖတ်မတင်ပဲ အလဟသဖြစ်နေခဲ့ပါတယ်။

ကျွန်မဘာလုပ်ရမလဲလို့ အမြဲတွေးတိုင်း မျက်ရည်ကျမိတာနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ အရမ်း ငိုချလိုက်ချင်ပေမဲ့ စိတ်ဆင်းရဲမှုတွေက ကြီးဆိုးနေလေတော့ ငိုကြွေးဖို့ အားအင်တွေတောင် နလံမထူနိုင်ခဲ့ဘူး။

သားနှစ်ယောက်ရဲ့ ရှေ့ရေးကို တွေးပူနေရတဲ့ ကျွန်မအဖြစ်က မူးယစ်ဆေးစွဲနေတဲ့ လင်ရဲ့
ဒုက္ခကိုလည်း ခံနေရတော့ ဒီလိုနဲ့ပဲ ကုန်ဆုံးသွားမလားလို့ တွေးမိနေတယ်။

အသိမိတ်ဆွေရဲ့ နားရေးလိုက်ပို့တော့ တာချီလိတ်မြို့မသုသာန်တွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး
ဖြစ်သလို နေနေတဲ့ လူတွေကို တွေ့မြင်ရတော့ ကျွန်မ မျက်ရည် ကျချင်လာတယ်။
ကျွန်မယောက်ျားလည်း အဲ့လိုပဲ လုပ်နေမှာပဲလို့ပေါ့။

ကျွန်မသူနဲ့ အတူမနေတာ ကြာပြီဖြစ်သလို သူနဲ့အတူနေရင် ကျွန်မနဲ့ ကျွန်မသားတွေရဲ့ အနာဂတ်အတွက် မလှပတဲ့ နေ့တွေနဲ့ပဲ ကြုံရမှာမို့ သူ့ကို တခြားမြို့မှာ ပို့ထားရတော့ စိတ်ချမ်းသာ သလို ရှိနေပေမဲ့လည်း တကယ်တမ်း လက်တွေ့ဘ၀မှာက စိတ်မချမ်းသာလှဘူးလေ။ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ဘ၀က အခုခေတ်မှာ လွယ်ကူလှတဲ့ အရာမဟုတ်တော့။ ကျွန်မအတွက် ပင်ပန်းလွန်းပါတယ်။

သားတွေအတွက် ပညာရေး၊ နေ့စဉ်ဝမ်းစာအတွက် ကျွန်မတစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရတော့ ဘ၀က ပေးတဲ့ သင်္ခန်းစာတွေနဲ့ ကျွန်မရဲ့ စိတ်တွေလည်း အသားမာတက်နေပါပြီလေ။

အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ လင်ယောကျာ်းက (၃)နှစ်ကာလအတွင်းမှာ အိမ်သူအိမ်သားအပေါ် ဘာမှ ထောက်ပံ့မှု မရှိရင် ကွဲကွာလို့ရတယ်လို့ သိရပေမဲ့လည်း သူက ကျွန်မကို ကွဲမပေးဘူးလေ။ ကျွန်မဘာလုပ်ရမလဲလို့ တွေးတိုင်း အနာဂတ်တွေ မဲ့ မဲ့လာတယ်။

ကျွန်မလေ မူးယစ်ဆေးဝါးဆို အရမ်းမုန်းမိတယ်။ ဟုတ်ပါတယ်။ ဒီမူးယစ်ဆေးဝါးကြောင့် ကျွန်မတို့ရဲ့ အိမ်ထောင်ရေး မသာယာနိုင်ဘူး၊ ဒီမူးယစ်ဆေးဝါးကြောင့် အိမ်တွင်းပစ္စည်းတွေလည်း အလဟသဖြစ်စေခဲ့တယ်။

အခုဆိုရင် တာချီလိတ်မှာ နေရာတော်တော်များများမှာ စိတ်ကြွဆေးပြားတွေဟာ ဈေးကျလာပြီး တပြားကို (၁၀)ဘတ်လောက်နဲ့ ရနေပြီပြောကြတော့ ဒီလို အနေအထားမှာ ကျွန်မတို့လို အိမ်ထောင်သည်တွေ အတွက် လင်ယောက်ျားမလိမ္မာရင် ဘယ်လို ရှေ့ဆက်ရမလဲရှင်။

ကျွန်မရဲ့ ခံစားချက်ကို ဖွင့်ပြရတာဟာလည်း   မူးယစ်ဆေးစွဲသမားတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကို သိစေချင်ကြလို့ပါ။ မူးယစ်ဆေးဝါးတွေကို ဘယ်လို တားဆီးနိုင်မလဲ ဆိုတာကိုလည်းတွေးမိနေရင်

တလောတုန်းက တာချီလိတ်မြို့မသုသာန်အတွင်းမှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက် သူကတော့ တိုင်းရင်းသူတစ်ဦးပါ ဘာဖြစ်လို့ ဒီလို နေရာမှာ လာနေပြီး မူးယစ်ဆေးစွဲနေတာလဲလို့ မေးလိုက်တော့ လင်ယောက်ျားက လူသတ်မှုနဲ့ ထောင်ကျသွားတော့ သူ့အနေနဲ့ ဒီမှာ ဆွေမျိုးမရှိ တစ်ကောင်ကြွက်ဘ၀မို့ နောက်ဆုံး ဒီလို ဖြစ်သွားတာလို့ ပြောပြတယ်။

သွားနေနေတဲ့ သူ့ကို
အဆက်အသွယ်မလုပ်တာလည်း ကြာနေပြီဖြစ်ပေမဲ့လည်း မူးယစ်ဆေးဝါးစွဲနေတဲ့ ဒဏ်နဲ့
အိမ်တွင်းပစ္စည်းတွေကို ဖြုန်းတီးနေတဲ့ ဒဏ်ကို မခံချင်တော့လို့ ကွဲပေးဆိုတော့လည်း
မကွဲမကွာပေးဘူးဆိုတော့ ကျလက်စ မျက်ရည်တွေ ဆက်ကျရဦးမှာလားရှင်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~