တာချီလိတ်မြို့နယ်တွင် ကျေးရွာများ၌ ကလေးသူငယ်များ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် မှုခင်းများဖြစ်ပါက လူမှုဝန်ထမ်းဦးစီးဌာန နှင့် သက်ဆိုင်ရာဌာနများသို့ ချိတ်ဆက်မှု အားကောင်းစေရန် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များနှင့် တိုက်တွန်းရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပကြောင်း သိသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲကို တာချီလိတ်မြို့ ဟုတ်တက်မင်္ဂလာခန်းမတွင် ဇန်န၀ါရီလ (၂၁)ရက်နေ့ နံနက်(၉)နာရီက ကျင်းပကာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များ ၊ ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များနှင့် တိုက်တွန်းရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“တာချီလိတ်ဘက်မှာတော့ အသက်မပြည့်တဲ့ ကလေးသူငယ်ပြဿနာတွေမှာ မူးယစ်ဆေးဝါးကြောင့် ဖြစ်တဲ့ပြဿနာ နဲ့ အသက်မပြည့်သူတွေကို စော်ကားအနိုင်ကျင့်တာတွေ အများဆုံးတွေ့ရတယ်။ဒါကြောင့် ကျေးရွာတွေမှာ ဒီလိုတွေဖြစ်လာရင် လူမှုဝန်ထမ်းဦးစီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေကို ချိတ်ဆက်အားကောင်းဖို့ တွေ့ဆုံခြင်းဖြစ်ပါတယ်။”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာန နှင့် World Vision တို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင် နှင့် သက်ဆိုင်ရာတာဝန်ရှိသူများကပါဝင်ဆွေးနွေးခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ