သီးနှံများအား သုံးနှစ်အထိ သိုလှောင်နိုင်မည့်

သီးနှံများအား သုံးနှစ်အထိ သိုလှောင်နိုင်မည့်
ဖေဖော်ဝါရီ 4, 2017
By Tachileik News Agency

သီးနှံများအား သုံးနှစ်အထိ သိုလှောင်နိုင်မည့် နည်းစနစ်ကို ဂရုဏာကွန်ယက်က လားရှိုးတွင် မိတ်ဆက်
ကောက်ပဲသီးနှံများအား သုံးနှစ်ကြာသည်အထိ မူလအရည်အသွေးကျဆင်းခြင်းမရှိဘဲ ထိန်းသိမ်းနည်းစနစ်ကို ဂရုဏာကွန်ယက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဖေဖေါ်ဝါရီလ (၄)ရက်နေ့က မိတ်ဆက် ဆွေးနွေးကြောင်း သိရသည်။
အဆိုပါနည်းစနစ်မှာ ဆွီဒင်နိုင်ငံထုတ် Silo အိတ်များအား အသုံးပြုကာ သိုလှောင်သည့်စနစ်ဖြစ်ပြီး လိုအပ်သည့် စက်ကိရိယာကို အခမဲ့ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
“သူတို့က ဒီဒေသရဲ့ကုန်ပစ္စည်းတွေကို အရည်အသွေးမပျက် သိုလှောင်နိုင်စေဖို့အတွက် ကူညီဖို့ အဓိကရည်ရွယ်ပြီး လာရောက်မိတ်ဆက်တာပါ။ ပထမဦးဆုံးအနေနဲ့ Silo Bag ကိုအသုံးပြုမယ်ဆိုရင် စက်ကိရိယာအကူအညီကို အခမဲ့ပေးမှာပါ။ တန်ဖိုးအနေနဲ့ကတော့ တစ်တန်ကို (၄.၅) ဒေါ်လာလောက် ကုန်ကျစရိတ်ပဲရှိမှာပါ။ တကယ်လို့ သိုလှောင်စနစ် အဆင်ပြေတယ်ဆိုရင် ဂရုဏာကွန်ယက်ကို ၁၀ ရာခိုင်နှုန်းလောက်ပဲပြန်ပြီး လှူဒါန်းစေချင်တာပါ။ ဒါကလည်း အဲဒီလှူဒါန်းမှုဟာ ကျွန်တော်တို့ကွန်ယက်ရဲ့ လုပ်ဆောင်ချက်တွေ လှူဒါန်းမှုတွေမှာ ပြန်ပြီးအသုံးပြု ဖို့ဖြစ်ပါတယ်”ဟု အဆိုပါပွဲအား စီစဉ်သည့် ဂရုဏာကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပွဲသို့ လားရှိုးမြို့နယ်မှ တောင်သူများနှင့် ကုန်သည်ဦးရေ (၃၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အရှည် (၇၅ )မီတာခန့် ရှိသည့် Silo အိတ်တစ်အိတ်လျှင် သီးနှံတန်ချိန် (၂၀၀)မှ (၂၅၀) အထိ ထည့်သွင်းသိုလှောင်ထားနိုင်မည်ဖြစ်ပြီး သိုလှောင်သီးနှံ၏ စိုထိုင်းဆပေါ်မူတည်၍ တစ်နှစ်မှ သုံးနှစ်အထိ သီးနှံအရည်အသွေးမထိခိုက်စေဘဲ သိုလှောင်နိုင်သည့် တစ်ခါသုံးအိတ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
တန်ချိန်(၂၀၀) ဆန့်သည့် Silo Bag တစ်ခုလျှင် ကျပ် (၂၇၅၀၀၀၀) ဝန်းကျင်ရှိပြီး အသုံးပြုပြီးသော အိတ်များကို တဲအိမ်အမိုးများ၊ ငါးမွေးကန်များတို့အဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~