ပင်လုံသမိုင်း စာမျက်နှာသစ်ဖွင့်လှစ်ရန် စတင်ခြင်း

ပင်လုံသမိုင်း စာမျက်နှာသစ်ဖွင့်လှစ်ရန် စတင်ခြင်း
ဖေဖော်ဝါရီ 18, 2017
By Tachileik News Agency

ငြိမ်းချမ်းရေးနှစ်ဟု အစိုးရက သတ်မှတ်ထားလိုက်သည့် ၂၀၁၇ ခုနှစ်တွင် ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးသည့် မိသားစုဝင်များတက်ရောက်သည့် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း  သမိုင်းဝင် ပင်လုံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပလိုက်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရယူရေးအတွက် အရေးပါသည့် တေင်တန်း-ပြည်မပူးပေါင်းရေး သဘောတူ စာချုပ်ချုပ်ဆိုသည့် ပင်လုံမြို့ကျောက်တိုင်ကွင်းတွင် နှစ်စဉ်နှစ်တိုင်း မြို့နယ်အဆင့် ပြည်ထောင်စုနေ့ အခမ်းအနားများကိုသာ ကျင်းပနေရာမှ ၂၀၁၇ ခုနှစ်ဖေဖေါ်ဝါရီလတွင် ပြည်ထောင်စုနေ့အခမ်းအနားနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားများ ငြိမ်းချမ်းရေးစကားဝိုင်းကိုလည်း တပြိုင်တည်း ကျင်းပခဲ့ခြင်းဖြစ်သည်။
"ဒီလိုအခမ်းအနားလုပ်တာကတော့ အတိုင်းထက်အလွန်ပေါ့။ အရင်နှစ်တွေတုန်းကတော့ ပြည်ထောင်စုနေ့ အခမ်းအနားတွေရယ်လို့ အထူးတလည် မတက်ရပါဘူး။ ဒီနှစ်က ပထမဆုံး တက်ရတာပါ။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ပင်လုံစာချုပ်ချုပ်ခဲ့တဲ့နေရာမှာ ကျင်းပလိုက်တာက ပင်လုံစိတ်ဓါတ်ကို ပြည်ရှင်သန်လာစေနိုင်တာကြောင့် လုပ်သင့်တာကို လုပ်လိုက်တာလို့မြင်ပါတယ်"ဟု ပင်လုံပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်လာသည့် ရှမ်းစော်ဘွားမိသားစုဝင်တစ်ဦး ဖြစ်သည့် စဝ်အောင်မြင့်က ပြောသည်။
အဆိုပါအခမ်းအနားတွင် တက်ရောက်လာသည့် ပင်လုံစာချုပ်လက်မှတ်ရေးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးက ၂၁ ရာစုပင်လုံညီလာခံတွင်တက်ရောက်ရန် NCA လက်မှတ်ရေးထိုးမခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား လက်မှတ်ရေးထိုးသင့်သည်ဟု ဆိုသည်။
“ကျွန်တော် တိုက်တွန်းချင်တာက အခုရှစ်ဖွဲ့ RCSS အပါအဝင် ရှစ်ဖွဲ့လက်မှတ်ထိုး ထားတဲ့ဟာ အဲဒီပုံစံမျိုးကို လက်မှတ်ထိုးကြပါလို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။ တောင်းဆိုချင်တာ မဟုတ်ဘူး။ ဖြစ်ကို ဖြစ်ရမယ်။ မဖြစ်လို့တော့မရဘူး မဖြစ်ရင်တော့ ကျွန်တော်တို့ တိုင်းပြည်က ၂၁ ပင်လုံ ညီလာခံဆိုတာ အောင်မြင်ဖို့ လမ်းစမရှိပါဘူး ” ဟု ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ရာတွင် ပါဝင်ခဲ့သူ စကွယ်စော်ဘွား စဝ်ဆိုင်လင်းက ဆိုသည်။
နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့အခမ်းအနားအား တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ပါဝင်သည့် အစုအဖွဲ့အားလုံးအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုပြီး မိမိကိုယ်ကို ယုံကြည်ချက်ရှိစွာ ပါဝင်ဆွေးနွေးကြရန် ပြောသည်။
“ငြိမ်းချမ်းရေးရရှိဖို့ဟာ လက်ရုံးရည်လား နှလုံးရည်လားဆိုတာ စဉ်းစားရမှာပါ”ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သည့် အစုအဖွဲ့များအား ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံမြို့တွင် ကျင်းပသည့် နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်မည့်အစုအဖွဲ့အားလုံးအား မိမိကိုယ်ကိုယုံကြည်မှုဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ့်ကိုကိုယ် ယုံကြည်ပါ။ ကိုယ့်လုပ်နိုင်စွမ်းကို ယုံကြည်ပါ။ ပြည်သူလူထုအားနဲ့ ကိုယ်လုပ်ချင်တဲ့လမ်းစဉ်ကို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို မွေးကြပါ။ ငြိမ်းချမ်းရေးလက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအစုအဖွဲ့များကို ကိုယ့်ကိုကိုယ် ယုံကြည်ကြဖို့ ထပ်ပြီးတိုက်တွန်းပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖေဖေါ်ဝါရီလ (၁၂) ရက်က ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးရေးပါဝင်သူများ၏ မိသားစုဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ၊ လူငယ်များ၊ ဒေသခံပြည်သူများ ရာနှင့်ချီ၍ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
"အရင်ကတော့ ပြည်ထောင်စုနေ့ပွဲဆိုတာ မတက်ဖူးပါဘူး။ အခုက သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာလည်း အားပေးချင်လို့ ကျွန်တော်တို့ ဝန်းရံနေတယ်ဆိုတာ ပြချင်လို့လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကြိုးစားလုပ်ဆောင်နေတာကို အားပေးချင်တာလည်း ပါပါတယ်"ဟု ပင်လုံပြည်ထောင်စုနေ့သို့ လာရောက်သည့် ညောင်ရွှေမြို့မှ တောင်သူတစ်ဦးဖြစ်သည့် ဦးစံပေါက ပြောသည်။
ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းစဉ်အရ နိုင်ငံရေးဆွေးနွေးပွဲဖြစ်သည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ဖေဖေါ်ဝါရီလအတွင်း နေပြည်တော်တွင် ကျင်းပရန် ပြင်ဆင်နေချိန်တွင်  တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့အချို့လည်း ကျန်ရှိနေဆဲဖြစ်သည်။
“၂၁ ရာစုပင်လုံညီလာခံအတွက် ပင်လုံမှာအခုလို အခမ်းအနားလာပြီးကျင်းပတာအရမ်းဝမ်းသာပါတယ်။ အဓိက ကတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကနေစတာပါ။ အစပြုခဲ့တဲ့ဒီနေရာကနေ တိုင်းရင်းသားတွေအတွက်ပြန်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်ပေးတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအ တွက် အားလုံးပေါ်မှာ အကျိုးခံစားခွင့်ရနိုင်တဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်ရေး လိုအပ်ပါတယ်။ နယ်မြေဒေသတစ်ချို့တွေမှာဖြစ်နေတဲ့စစ်ပွဲတွေရပ်ဆိုင်းနိုင်မှလည်း ဒီမိုကရေစီဖဒရယ်ပြည်ထောင်စု ရနိုင်မှာပါ။ အဲဒီစနစ်ကိုသွားနိင်ဖို့အတွက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ သဘောထားလည်း ကြီးပြီးချစ်ခင်စိတ်တွေမွေးရမယ်။ ပြည်တွင်ငြိမ်းချမ်းမှုမရှိရင် ဘာမှမလုပ်ပါနိုင်ဘူး။ လူထု တွေလိုချင်တဲ့ ဒီမိုကရေစီဖဒရယ်စနစ် စီးပွားရေးစနစ် ပြည်သူပြည်သား တောင့်တနေသော ကဏ္ဍတွေဖြည့်ဆည်းနိုင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်” ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးခွန်စံလွင်က ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာပြည်နယ်ဒေသအချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးရရှိရန် တောင်းဆိုနေသည့် ပြည်သူများ၏ ဆန္ဒထုတ်ဖေါ်မှုများလည်း ရှိနေကာ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှုရှိရန် ပြည်သူများက မျှော်လင့်နေခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးဆွေးနွေးနေတာနဲ့ ပတ်သက်လို့ ကျွန်တော်ဘာမှတော့ အသေးစိတ်မသိဘူး။ ဒါပေမဲ့ ဒီအလုပ်ကတော့ အတော်ကို အပတ်တကုတ်ကြိုးစားပြီးလုပ်ရမယ်ဆိုတာတော့ သိတယ်။ ဥပမာပြောရရင် ကိုလံဘီယာမှာ အစိုးရနဲ့ သောင်းကျန်းသူတွေတိုက်တာ နှစ်ပေါင်း (၅၀) ကြာပြီ။ တချို့ကဆို ငြိမ်းချမ်းရေးဆွေးနွေးတာကြောင့် အစိုးရကို မကျေနပ်တာတွေတောင်ရှိတယ်။ ဒါပေမဲ့ အခုဆို ငြိမ်းချမ်းရေး ရနေပြီ။ အခုဒီမှာလည်း မကြာခင်အချိန်မှာ အောင်မြင်ပါလိမ့်မယ်”ဟု စဝ်အောင်မြတ်က ပြောသည်။
ယခုနှစ်တွင် စတင်ကျင်းပလိုက်သည့် ပင်လုံမြို့ ပြည်ထောင်စုနေ့အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် လူငယ်အများအပြားလည်း စိတ်ဝင်တစားတက်ရောက်ကြပြီး ယနေ့အခမ်းအနားကဲ့သို့ စကားဝိုင်းများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း သိရသည်။
“ကျွန်တော်ကိုယ်တိုင်လည်း လူငယ်တစ်ဦးပါပဲ။ ဒီပင်လုံအခမ်းအနားကနေအခြေခံပြီးတော့မှ တစ်နိင်ငံလုံးအပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေကို စပြီးတော့မှ အောင်အောင်မြင်မြင်နဲ့ ဖော်ဆောင်နိုင်မယ့် လုပ်ငန်းဖြစ်ပါစေလို့ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အခု ဒီကနေ ငြိမ်းချမ်းရေးတွေ ရရှိပြီးတော့ နိုင်ငံသူနိုင်ငံသား တွေ ပြည်သူ ပြည်သားတွေ တစ်ဦးချင်း၊ မိသားစု တစ်စုချင်း ၀င်ငွေတွေ တိုးတက်လာပြီးတော့မှ ကျွန်တော်တို့နိုင်ငံကြီး သာယာစည်ပင်ဝပြောနိုင်မယ်လို့ ယုံကြည်ပါတယ်။ လူငယ်တွေရဲ့ဆန္ဒဆိုတာက နိုင်ငံရဲ့ အနာဂတ်ပါ”ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ ဦးအာကာလင်းက ပြောသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားများကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့၏အမြင်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြခဲ့ကြသည်။
“အခုလိုမျိုး တိုင်းရင်းသားကိုယ်စားလှယ်တွေရော၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးသူတွေရဲ့ မိသားစုတွေရောစတဲ့ လူတွေပါပါတဲ့ အခမ်းအနားကို လာကျင်းပတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်ပြီး လုပ်ဆောင်နေတယ်လို့မြင်ပါတယ်”ဟု ရှမ်းပြည်နယ် လူမှုကွန်ယက်အဖွဲ့အစည်း ဥက္ကဌ ဒေါ်နန်းမိုမိုသီတာက ပြောသည်။
ငြိမ်းချမ်းရေးစကားဝိုင်းတွင်ပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်များက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးရာ၌ ငြိမ်းချမ်းရေးတွင် ပါဝင်သည့်အစုအဖွဲ့များအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားကို ကြည့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းဆွေးနွေးလိုက်သည်။
"ငြိမ်းချမ်းရေးမှာပါဝင်တဲ့အစုအဖွဲ့အားလုံး ပြည်သူလူထုအတွက် စွန့်စားပါ။ စွန့်လွှတ်ပါ။ အချင်းချင်းကြား ယုံကြည်မှုထက် ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မယ်ဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလိုပါတယ်။ ဒီလိုယုံကြည်မှုရှိရင် ငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ဆွေးနွေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘဲ အခြားအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မျိုးဆက်သစ်အတွက် ငြိမ်းချမ်းရေးတည်ဆောက်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်ကြပါ။ ငြိမ်းချမ်းရေးလုပ်ဖို့ အခွင့်အရေးရှိသလို တာဝန်လည်းရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ပင်လုံမြို့တွင် ကျင်းပလိုက်သည့် အခမ်းအနားမှာ အခမ်းအနားတစ်ခုအနေနဲ့သာမဟုတ်ဘဲ လွတ်လပ်ရေး ဆောင်ရွက်သူများ စတင်ခဲ့သည့်သမိုင်းအား အောင်မြင်စွာ အဆုံးသတ်ရမည့် တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က“ပင်လုံစာချုပ်သမိုင်းစာအုပ်တစ်အုပ်ဖွင့်ကြပါစို့”ဟု တိုက်တွန်းလိုက်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~