ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား နယ်နမိတ်မယ်ဆိုင်ချောင်းတွင် ထိုင်းလယ်သမားများက ချောင်းပိတ်ဆို့ရေတားခြင်းနှင့်ပတ်သက်၍ တာချီလိတ်ဒေသခံများကိုယ်စား ပါဝင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံလယ်သမားများအား တောင်းပန်စာပေးပို့လိုက်သည်။
နှစ်နိုင်ငံနယ်နမိတ်ချောင်းအား ဝါးများဖြင့်ပိတ်ဆို့ရေတားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ရှိသည့်ဌာနများက ခွင့်ပြုပေးထားခြင်းမရှိသော်လည်း ထိုင်းလယ်သမားများက လုပ်ဆောင်မှုနှင့်ပတ်သက်၍ နှစ်နိုင်ငံ မြို့နယ်အဆင့် တာဝန်ရှိသူများ တွေ့ဆုံရာတွင် တာချီလိတ်မြို့ ဒေသခံများကိုယ်စား မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက မြို့လူထုကိုယ်စား ဝင်ရောက်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံလယ်သမားများထံ တောင်းပန်စာပေးပို့ရန် တောင်းဆိုခြင်းကြောင့် ထိုင်းလယ်သမားများကိုယ်စား ကော်ချန့်အုပ်ချုပ်ရေးမှူးက ဖေဖေါ်ဝါရီလ (၂၂) ရက် ညနေ (၃)နာရီခွဲခန့်တွင် လာရောက်ပေးအပ်ခြင်းဖြစ်သည်။
“သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ သူတို့လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ ဆွေးနွေးညှိနှိုင်းကြမှာပါ။ ကျွန်တော်တို့ကတော့ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေဘဲ ကိုယ့်ဘက်မှာ ဘာတွေ နစ်နာတယ်။ ဘာကြောင့် မလုပ်စေချင်တာလဲဆိုတာ ညှိနှိုင်းခြင်းပါ။ အခုလို လုပ်ရတာက နောက်ပိုင်းမှာ နှစ်နိုင်ငံ လယ်သမားတွေအချင်းချင်းကြား ဆက်ဆံမှုလည်း ရှိလာပြီး နားလည်လာအောင်လုပ်ပေးတာပါ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
အဆိုပါတောင်းပန်စာအား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားထားသည့် နေရာတွင် ထိုင်းနိုင်ငံမှ မြို့နယ်အဆင့်နယ်ခြားကော်မတီ( TBC) အဖွဲ့ဝင်၊ မယ်ဆိုင်မြို့ ကော်ချန့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး Sukhawit Sanlat ၊ လယ်သမားနှစ်ဦးပါဝင်သည့်အဖွဲ့က ကော်ချန့်ဒေသမှ ရေတားသည့် လယ်သမားများကိုယ်စား တောင်းပန်စာကို လာရောက်ပေးအပ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)၊ မဇ္ဖျိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေ၊ ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအားဆော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရန်အောင်မြေ ရပ်ကွက်မှ လယ်သမားများက လက်ခံရယူခြင်းဖြစ်သည်။
“ကျွန်တော်တို့ဖက်က တောင်သူလယ်သမားတွေက ဂရုမစိုက် အလေးမထားတာတော့ မဟုတ်ပါဘူး။ အခုလိုမျိုးဖြစ်သွားတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့ဖက်က ပြည်သူတွေရဲ့ စားဝတ်နေရေး အရမ်းအခက်အခဲဖြစ်သွားတဲ့အတွက်ကြောင့်သာ ဒီလိုတွေပြုလုပ်လိုက်ရတဲ့အတွက် မြန်မာဖက် တောင်သူလယ်သမားတွေအတွက်လည်း စိတ်မကောင်းပါဘူး။ တောင်းလည်း တောင်းပန်ပါတယ်။ ဒီနေ့လည်း အဲဒီကိစ္စကို လာတောင်းပန်တာပါ။ တောင်သူလယ်သမားတွေကို နားလည်ပေးဖို့ တောင်းပန်တဲ့စာတွေ လာပေးတာပါ။ ရေရှည်စီမံကိန်းတွေအနေနဲ့လည်း အများကြီးရှိပါတယ်။ အထက်ကလူကြီးပိုင်းများက နှစ်နိုင်ငံ အထက်အဆင့်အနေနဲ့ပဲ စာတွေပို့ပြီးတော့ အဲဒါတွေကလည်း နောက်မှသိရမှာ”ဟု နယ်စပ်ချောင်းအား ရေတားပြုလုပ်ထားသည့် ထိုင်းနိုင်ငံ ကော်ချန့်ဒေသမှ အုပ်ချုပ်ရေးမှူး Sukhawit Sanlat က ဖေဖေါ်ဝါရီလ ၂၂ ရက်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ရေတားများပြုလုပ်ထားသည့်နေရာတွင် ပြောသည်။
ထိုင်းလယ်သမားများသည် စိုက်ပျိုးရေအတွက် မယ်ဆိုင်ချောင်းအား ပိတ်ဆို့ရေတားကာ စိုက်ပျိုးရေရယူရာတွင် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေသဖြင့် မြန်မာနှင့် ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)နှင့် မြို့နယ်အဆင့် တာဝန်ရှိသူတို့ ဖေဖေါ်ဝါရီလ (၂၁) ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီးနောက် ထိုင်းလယ်သမားများ ပြုလုပ်ထားသည့် ရေတားများအား လုံးဝဖယ်ရှားပေးရန် သဘောတူထားခြင်း ဖြစ်သော်လည်း ဖေဖေါ်ဝါရီလ (၂၂) ရက်တွင် ရေတားအချို့ကိုသာ ထိုင်းလယ်သမားများက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ဆိုရင် ရေလိုရင် ချောင်းရေကို ရေစုပ်စက်နဲ့တင်တယ်။ သူတို့က အခုလိုလာလုပ်တယ်။ မိုးရာသီဆိုရင် ဒီဘက်ကလယ်တွေ ရေနစ်ပြီလေ။ ဖယ်ပစ်ချင်တယ်။ တာဝန်ရှိသူတွေက တားထားလို့ မလုပ်တာ”ဟု ရေတားများပြုလုပ်ထားသည့် မယ်ဆိုင်ချောင်းဘေး ရန်အောင်မြေရပ်ကွက်မှ တောင်သူတစ်ဦးဖြစ်သည့် ဦးအားသူကပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော်ချန့်ဒေသမှလယ်သမားများက မယ်ဆိုင်ချောင်းအားပိတ်၍ စိုက်ပျိုးရေရယူရန် ကော်ချန့်ဒေသလွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြထားပြီး မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းထားသော်လည်း မြန်မာနိုင်ငံမှ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ