**********
မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလာသဖြင့် နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့မှ ဧပြီလ (၄)ရက်အထိ ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါးမှု (၅)မှုတွင် ရှမ်းပြည်နယ်အတွင်းမှ တိုင်ကြားသည့်အမှု (၃)မှုပါဝင်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလာသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးတွင် မူးယစ်ဆေးဝါးများ သုံးစွဲ၊ ဖြန့်ဖြူးရောင်းချနေမှုကို ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ကလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပါလျှံ(၁)ရပ်ကွက်တွင် မမိုး (ခ)မိမိုးက မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှုကို ဧပြီလ (၃)ရက်နေ့ကလည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ဖာတီမာကုန်းကျေးရွာမှ ဝတုတ်(ခ)ဘနဲက မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေခြင်းကို ဧပြီလ (၄)ရက်နေ့ကလည်းကောင်း အသီးသီးဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အများပြည်သူအနေဖြင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် တိုင်ကြားလာမှုများကို ဖမ်းဆီးနေရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့အထိ အမှုပေါင်း (၅၉၃)မှုမှ အမျိုးသား (၇၈၂)ဦးနှင့် အမျိုးသမီး (၁၅၂)ဦး စုစုပေါင်း (၉၃၄)ဦးတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
မိမိတို့ဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုများ ပိုမိုဖမ်းဆီးရမိရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ လုံခြုံစိတ်ချစွာဖြင့် ရုံးချိန်များအတွင်း ဖုန်း ၀၆၇ ၅၉၀၂၀၀၊ ဖက်စ်ဖုန်း ၀၆၇ ၅၉၀၂၃၃ တို့သို့ ဆက်သွယ်နိုင်သည့်အပြင် အီးမေးလ်လိပ်စာဖြစ်သည့် [email protected] သို့လည်း ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
Tachileik News Agency