တာချီလိတ်မြို့တွင် ငွေကျပ် သိန်း(၂၈၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ငွေကျပ် သိန်း(၂၈၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဧပြီ 11, 2025 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ငွေကျပ် သိန်း(၂၈၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ (၈)ရက်နေ့ ညနေ(၆)နာရီအချိန်က တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားနေအိမ်တိုက်ခန်း၊ အခန်းအမှတ်(၁၅)ကို ဝင်ရောက်ရှာဖွေရာက ညီလောက်စီ ဆိုသူကို စိတ်ကြွရူးသွပ်ဆေးပြား (၁၂၀၀)ပြား၊ အဆင့်နိမ့် ဘိန်း(၁၀)ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။၊

ကွင်းဆက်အရ အဆိုပါအငှားတိုက်ခန်း၊ အခန်းအမှတ် (၁၇)နေ ဆိုင်ကပ် ဆိုသူအား ထပ်မံစစ်ဆေးရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း(၂၄)ဂရမ်၊ Happy Water (၃၅)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြား၊ အဆင့်နိမ့်ဘိန်း (၂၅၀)ဂရမ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းအငှားတိုက်ခန်း အခန်းအမှတ်(၅)နေ စည်သူဖြိုးအား စိတ်ကြွရူးသွပ် ဆေးပြား(၄၀၀,၀၀၀)ပြား၊ HONDA CRV မော်တော်ယာဉ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ ဒေသကာလတန်ဖိုးငွေကျပ်(၂၈၅၁ ဒသမ ၇၄)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၄၀၁,၄၀၀)ပြား၊ အဆင့်နိမ့် ဘိန်း(၂၆၀)ဂရမ်၊ ကက်တမင်း (၂၄)ဂရမ် နှင့် Happy Water (၃၅)ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ညီလောက်စီ (၃၂)နှစ်၊ ဆိုင်ကပ် (၃၉)နှစ်နှင့် စည်သူဖြိုး (၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်နေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#TachileikNewsAgency