စပါယ်ရှယ်တောင်အဆင်းတွင် ကားချောက်ထဲ ထိုးကျ၍ သေဆုံးသူ (၇)ဦးအနက်  နောက်ထပ် တစ်ဦး၏ ဆွေမျိုးမိသားစုဝင်များ သိရှိ ဆက်သွယ်လာရန် ကျိုင်းတုံ ယာဉ်ထိန်းရဲက ထပ်မံ အသိပေးကြေညာ

စပါယ်ရှယ်တောင်အဆင်းတွင် ကားချောက်ထဲ ထိုးကျ၍ သေဆုံးသူ (၇)ဦးအနက်  နောက်ထပ် တစ်ဦး၏ ဆွေမျိုးမိသားစုဝင်များ သိရှိ ဆက်သွယ်လာရန် ကျိုင်းတုံ ယာဉ်ထိန်းရဲက ထပ်မံ အသိပေးကြေညာ
ဧပြီ 10, 2025 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တောင်ကြီးသွားလမ်းပေါ် ကျိုင်းတုံမြို့နယ်အတွင်း စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ်  ချောက်ထဲသို့ ထိုးကျသွား၍ (၇)ဦး သေဆုံးသွားရာမှ သေဆုံးသွားသူ နောက်ထပ်တစ်ဦး၏ မိဘဆွေမျိုးများကို သိရှိနိုင်ရန် ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့က လူမှုကွန်ရက်ကနေတဆင့် ဧပြီလ(၁၀)ရက်နေ့တွင် ထပ်မံ အသိပေးကြေညာလာသည်။

သေဆုံးသူ (၇)ဦးအနက် မိဘဆွေမျိုးများနှင့် အဆက်အသွယ်မရသည့် တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ မဲလော်ကျေးရွာနေ  ခွန်သန်းရွှေ နှင့် ပတ်သက်၍ ဧပြီလ(၉)ရက်နေ့က Tachileik News Agencyတွင် သတင်းဖော်ပြခဲ့ပြီးနောက် မိသားစုဝင်များနှင့် ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အဆက်အသွယ်ရရှိသွားပြီး ၎င်း၏ မိသားစုဝင်များမှာ ကျိုင်းတုံသို့ ဧပြီလ(၁၁)ရက်နေ့တွင် ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ နောက်ထပ် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးသူမှာ သေဆုံးသူ အသက်(၂၉)နှစ်ရှိ ခွန်နွဲ့ဆိုသူဖြစ်ပြီး ၎င်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နာသံကျေးရွာအုပ်စုအတွင်း နောင်လွယ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ခွန်နွဲ့၏ မိသားစုဝင်များအနေဖြင့် ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖုန်း 096 9099 1926 သို့ ဆက်သွယ်ပေးလာရန် ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့က ယနေ့ ဧပြီလ(၁၀)ရက်နေ့ နေ့လည် (၂)နာရီခွဲဝန်းကျင်အချိန်က လူမှုကွန်ရက်ကနေ တဆင့် ထပ်မံ အသိပေးကြေညာထားခြင်း ဖြစ်သည်။ 

ကျိုင်းတုံမြို့နယ်အတွင်း စပါယ်ရှယ်တောင်အဆင်းတွင် ၂၀၂၅ခုနှစ် ဧပြီလ(၈)ရက်နေ့ ည(၁၁)နာရီ ဝန်းကျင်အချိန်က ခရီးသည်တင်ယာဉ် တစ်စီး ချောက်ထဲသို့  ထိုးကျသွားမှုကြောင့် ယာဉ်ပေါ်ပါ လူ(၁၀)ဦးအနက် အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၂)ဦး သေဆုံးပြီး အမျိုးသား(၂)ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ချောက်ထဲထိုးကျသွားသည့် ယာဉ်မှာ မည့်သည့်ယာဉ်လိုင်းက ဖြစ်ကြောင်းကို အသိပေးထားခြင်းမရှိသော်လည်း Rozer ၆ဘီး(ခရီးသည်)ယာဉ် ဖြစ်ကြောင်း ကျိုင်းတုံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။