PSLF နှင့် KIO ဆွေးနွေးပွဲအတွက် ပြည်သူများထံမှ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ တောင်းခံ

PSLF နှင့် KIO ဆွေးနွေးပွဲအတွက် ပြည်သူများထံမှ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ တောင်းခံ
ဧပြီ 9, 2025 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသည့်အခြေအနေများကို နှစ်ဖက်အဖွဲ့ကြား ညှိနှိုင်းဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းမှုများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ၂၀၂၅ ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြလာသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PSLF/TNLA)နှင့် ဆွေးနွေးရန်ပြင်ဆင်နေကြပြီဖြစ်ပြီး သက်ဆိုင်ရာဒေသတွင်းရှိ ပြည်သူများအနေဖြင့် နားလည်ကူညီပေးကြရန် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က တောင်းဆိုထားသည်ကို တွေ့ရသည်။

ယင်းအပြင် အွန်လိုင်းသုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြလိုသူများထံမှ အပြုသဘော‌ဆောင်သည့် ကူညီပံ့ပိုးမှုများကိုလည်း မျှော်လင့်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုတွင် KIO/KIAက ဆက်ဆံရေးရုံးနှင့် ဒေသကာကွယ်ရေးရုံးဖွင့်လှစ်သည်ကို PSLF/TNLA က ဖယ်ရှားခိုင်းသည့်ကိစ္စအပါအဝင် နှစ်ဖက်တပ်ဖွဲ့ဝင်များကြား အငြင်းပွားဖွယ်ကိစ္စများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ လူထုသဘောထားရယူပြီး ဆုံးဖြတ်ချက်ချနိုင်ဖွယ်ရှိသည်ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က မတ်လ (၈)ရက်နေ့က သဘောထားဖော်ပြထားခဲ့သည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Photo : ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ လက်ရေးမူ