ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် လွိုင်ကော်ကြားရှိ ပီကင်းကောခူကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သား(၅)ဦး ထိမှန်သေဆုံးသည်ဟု KNDF ထံမှ သိရသည်။
လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာကို ၂၀၂၅ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် မိုးဗြဲမြို့ အခြေစိုက် ခမရ(၄၂၂)တပ်မှ တစ်နေကုန်နီးပါး လက်နက်ကြီးများပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်၍ ပီကင်းကောခူကျေးရွာမှ အရပ်သား အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရသည်။
ထို့အပြင် နေ့လယ်(၂)နာရီကျော်တွင် ပီကင်းကောခူကျေးရွာသို့ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်၍ ကျေးရွာတွင်းရှိ နေအိမ်များထိမှန်ကာ အမျိုးသား(၄)ဦး ထိမှန်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း သဘာဝဘေးသင့်နေချိန်တွင် ယာယီအပစ်အခတ်ရပ်စဲထားမည်ဟု ဧပြီလ (၂)ရက်နေ့တွင် ထုတ်ပြန်ထားသော်လည်း ကရင်နီပြည်နယ်တွင်းသို့ ဧပြီလ(၂)ရက်နေ့မှစ၍ ယနေ့ထိ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို အရှက်အရွံ့မဲ့စွာ ပြုလုပ်နေခြင်းများကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ၎င်းတို့၏ ထုတ်ပြန်ထားသည့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အတိုင်း လက်နာဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်သည်။
မြန်မာနိုင်ငံ ငလျင်ဘေးသင့်ခဲ့သည့် မတ်လ(၂၈)ရက်နေ့ မှစ၍ ယနေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြီး (၃)ကြိမ်လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးပစ်ခက်မှုများအား နေ့စဉ်နီးပါးလုပ်ဆောင်နေသည်ဟု သိရသည်။
#TachileikNewsAgency
Photo:KNDF