မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၆)ကြိမ်မြောက် BIMSTEC ဆွေးနွေးပွဲတက်ရန် ၂၀၂၅ ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် ဘန်ကောက်သို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ဒွန်မောင်းရှိ အမှတ် (၂) တပ်မတော်လေဆိပ်မှတစ်ဆင့် ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ဖေါ်ပြသည်။
အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ်က ယနေ့ည (၇)နာရီတွင် ဘန်ကောက် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပမည့် ဂုဏ်ပြုညစာစားပွဲသို့ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
စစ်ကောင်စီခေါင်းဆောင်က အဆိုပါဆွေးနွေးပွဲတွင် မြန်မာငလျင်ဘေးအကူအညီတောင်းမည်ဟု စစ်ကောင်စီသတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားပြီး ဆွေးနွေးပွဲမသွားမီ ငလျင်ဘေးကယ်ဆယ်ရေးအတွက် ထိုးစစ်ယာယီရပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
BIMSTEC ထိပ်သီးဆွေးနွေးပွဲ ဧပြီလ(၄)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ယနေ့ကျင်းပသည့် အစည်းအဝေးတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတက်ရောက်နေသည်ကို တွေ့ရသည်။
အိမ်ရှင်ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ်၊ နီပေါဝန်ကြီးချုပ်တို့ကို ဂုဏ်ပြုတပ်ဖွဲ့များဖြင့် ကြိုဆိုသည်ကို တွေ့ရသည်။