အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင် နှင့် စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သလို ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌဟောင်းလည်း ဖြစ်ခဲ့သူ ဦးစိုင်းလုံးဆိုင်သည် ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ကွယ်လွန်သွားကြောင်း သိရသည်၊။
အသက် (၇၈) နှစ်အရွယ်ရှိပြီဖြစ်သည် ဦးစိုင်းလုံးဆိုင်သည် ကျိုင်းတုံမြို့အမှတ်(၄)ရပ်ကွက်၊ မိုင်းယန်းလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးစိုင်းလုံးဆိုင်သည် ၂၀၂၁ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရပြီးနောက် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ပြီး ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရသည်။
ယင်းနောက် ကျန်းမာရေးအခြေအနေအရ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ကစပြီး အကြံပေးအဖွဲ့ဝင်ကနေပါ အနားယူခွင့်ပေးလိုက်သည်။
ဦးစိုင်းလုံးဆိုင်သည် ပြည်သူ့ကောင်စီခေတ်ကာလက ကျိုင်းတုံမြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို စစ်တပ်၏ ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်ပြီး ၂၀၁၀ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ အစိုးရနှစ်ဆက် ဆက်တိုက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌလည်း ဖြစ်ခဲ့သည်။
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌဟောင်းဖြစ်သူ ဦးစိုင်းလုံးဆိုင်သည် ရွေးကောက်ပွဲတွင် ပါဝင်မှုအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရ၍ လွှတ်တော် ဥက္ကဌ ဖြစ်လာသူ ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း သိရသည်။