ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလအတွင်းက ကားအရောင်းနေရာများတွင် လိုင်စင်မဲ့ကားများနှင့် လိုင်စင်ပါကားများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဘက်လိုက်မှုနှင့်အတူ အဂတိလိုက်စားမှုများကြောင့် နေပြည်တော်မှ စစစ ဒုညွှန်ချုပ်ကိုယ်တိုင် ရောက်ရှိလာပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင် အပါအဝင် ဖမ်းဆီးရေးတွင် ပါဝင်သူအားလုံးကို (၃)ရက်ကြာ စစ်ဆေးသွားကြောင်း သိရသည်။
နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်း အပါ (၇)ဦး ဝန်းကျင်နှင့် ရှမ်းပြည်နယ်(တောင်ကြီး) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း အပါ (၃)ဦးတို့က တာချီလိတ်သို့ ရောက်ရှိလာပြီး ၂၀၂၅ခုနှစ် မတ်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ (၃)ရက် ဆက်တိုက် တာချီလိတ်ရုံးတွင် ခေါ်ယူ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးခံရသူများမှာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ချမ်းမြေ့ဝင်း၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမျိုးဟိန်း နှင့် တာချီလိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နိုင်ဇာအောင် အပါအဝင် ဖမ်းဆီးရေးတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များ အားလုံး နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါ စစ်ဆေးခံရခြင်း ဖြစ်ကြောင်း သိရသည်။
"နေပြည်တော် စစစ က ဒုညွှန်ချုပ်ကိုယ်တိုင် ဆင်းလာတော့ ကျိုင်းတုံက ပြည်နယ်မှူးက အစ လာအစစ်ခံရတယ်။ တာချီလိတ်က ခရိုင်ရဲတပ်မှူးကနေ အောက်ခြေအကုန် စစ်ခံရတယ်။ (၃)ရက် ဆက်တိုက် စစ်ဆေးခံရတာ ဒီကိစ္စမှာ အဂတိလိုက်စားမှုတွေလည်း ပါသလို ဘက်လိုက်မှုတွေလည်းပါလို့ လာစစ်ဆေးတာ"ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် လုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် ကားအရောင်းစင်တာများ နှင့် ရေဆေးခုံဖြင့် တွဲဖွင့်ထားသည့် အလွတ်တမ်း ကားအရောင်းနေရာများကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင် ဦးဆောင်ပြီး ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ အပါအဝင်၊ ကျိုင်းတုံ မှု/နှိမ်၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့ နှင့် မိုင်းယန်းမြို့နယ်ရဲတပ်ဖွဲ့ စသည့် ကျိုင်းတုံရဲတပ်ဖွဲ့ဝင်များ နှင့် တာချီလိတ်ရဲတပ်ဖွဲ့တို့ ပေါင်းကာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ ညနေပိုင်းကစပြီး ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်။
ဖမ်းဆီးမှုအတွင်း နေရာပေါင်း (၂၂)နေရာကို ဖမ်းဆီးပြီး လိုင်စင်မဲ့ကား အစီး(၅၀)ဖမ်းဆီးရမိကြောင်း စာရင်းပြသော်လည်း လက်တွေ့ မြေပြင်အခြေအနေမှာ လိုင်စင်ရှိကား အများအပြားပါဝင်ပြီး အစီးရေ ပိုမိုများပြားကြောင်း နှင့် ဖမ်းဆီးမှုအတွင်း အရောင်းစာရေး အပါအဝင် လူ(၉)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးမှုများ လုပ်ဆောင်ရာတွင် နေရာအစုံအလင် ဖမ်းဆီးခြင်းမဟုတ်ဘဲ နေရာကွက်ကျား ဖမ်းဆီးခြင်း၊ ကားအရောင်းနေရာ (၂)နေရာရှိပါက တစ်ခုသာဖမ်းပြီး နောက်တခုကို ကျော်သွားခြင်း၊ ဖမ်းဆီးရေးမစတင်မီ ငွေယူ၍ သတင်းကြိုပေးကာ ရှောင်ခိုင်းထားစေခြင်း နှင့် လိုင်စင်ရှိ ကားများကို သိမ်းယူခြင်း အပါအဝင် အဂတိလိုက်စားမှုများရှိနေ၍ ယခုလို စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
"အဓိက ကတော့ ဒီကိစ္စမှာ သမာသမတ်မကျလို့ လာစစ်တာ။ ရေဆေးခုံနဲ့တွဲဖွင့်တဲ့ ကားအရောင်းနေရာတွေကိုလည်း အစုံစစ်ဆေးတာမဟုတ်ဘဲ ကြိုတင်ရှောင်ခိုင်းတာ။ ငွေယူထားတာတွေကိုပါစစ်တာ။ နောက်ပြီး ကားမှောင်ခိုသွင်းတဲ့ ဦးဇွဲ ရဲ့ လမ်းကြောင်းတွေနဲ့ အခြားလမ်းကြောင်းတွေ။ ဂိတ်တွေကို အကုန်စစ်တယ်။ ဦးဇွဲကို ခေါ်စစ်တာ။ သူကတော့ နေအိမ်မှာမရှိဘူးဆိုပြီး ရှောင်နေလို့ စစ်ဆေးတဲ့အထဲ သူမပါလိုက်ဘူး။ ကျန်တာတော့ အကုန်စစ်ခံရတယ်။ ထွေအုပ်က ရပ်ကျေးစာရေးတွေတောင် စစ်ဆေးခံရတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက ၂၀၂၅ခုနှစ် မတ်လ(၁၂)ရက်နေ့တွင် ပြောသည်။
ယင်းအပြင် ဖမ်းဆီးသည့် ရက်ပိုင်းအတွင်းမှာပင် ကားအရောင်းနေရာများမဟုတ်ဘဲ အခြားနေရာများတွင်လည်း လိုင်စင်မဲ့ကား ဖမ်းဆီးခြင်းနှင့် ငွေညစ်ခြင်းများပါ လုပ်ဆောင်သည်ဟု သိရသည်။
ထိုစဉ်က ဖမ်းဆီးခံရသူများမှာ နေရာကွက်ကျားဖမ်းဆီးမှုနှင့်အတူ လိုင်စင်ရှိကားများပါ သိမ်းယူသွားမှုကြောင့် ဖမ်းဆီးရေးအဖွဲ့ကို မကြေနပ်မှုများရှိခဲ့သည်။
"အဲ့တုန်းက မယ်ခေါင်ဘက်က ရေဆေးခုံနဲ့တွဲဖွင့်ထားတဲ့ ကားအရောင်းနေရာ နဲ့ နေရာတော်တော်များများဆိုရင် ရဲက ကြိုတင်အသိပေးလို့ ပိတ်သိမ်းရှောင်ထားတာ။ သတင်းကြိုမရတဲ့ နေရာတွေကတော့ စစ်ဆေးခံရပြီး ဖမ်းခံရတာပေါ့။ ဒီထက် ပိုပြီး မဖြစ်သင့်တာကတော့ ကားအရောင်းနေရာတွေကို ဖမ်းတဲ့အပြင် ကားဝပ်ရှော့မှာ ပြင်နေတဲ့ ကားတွေကို သိမ်းပြီး ကားဝပ်ရှော့ဆရာတွေကိုပါ ဖမ်းတာကတော့ အတော်ဆိုးရွားတယ်။ ဒါကိုလည်း စစစ က သိရဲ့လားမသိဘူး။ တကယ်က အဲ့လို မဖြစ်သင့်ဘူးလေ"ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။
(၃)ရက်ကြာ လာရောက်စစ်ဆေးသည့် စစစ ဒုညွှန်ချုပ်နှင့်အဖွဲ့သည် စစ်ဆေးမှုပြီး၍ မတ်လ(၁၃)ရက်နေ့တွင် နေပြည်တော်သို့ ပြန်မည်ဟု သိရသည်။
"လောလောဆယ်ကတော့ စစ်ဆေးပြီးသွားပြီ။ အဖြေကတော့ ဘာဖြစ်လာမလဲတော့ မသိပေမဲ့ ဖြုတ်တာတွေနဲ့ ပြောင်းရွှေ့တာတွေ တခုခုတော့ ဖြစ်လာနိုင်ချေရှိတယ်"ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလအတွင်းက ကားအရောင်းနေရာများနှင့် ကားဝပ်ရှော့များတွင် နေရာကွက်ကျား ဖမ်းဆီးမှုအတွင်း ဖမ်းဆီးခံရသူ (၉)ဦးထဲက (၆)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် လည်းကောင်း ကျန်(၃)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် လည်းကောင်း ဖမ်းဆီးထားပြီး ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၈ နှင့် ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၁၀ တို့ဖြင့် အမှုဖွင့်ထားရာ ဖမ်းဆီးခံရသူများတွင် “IC”ကားရေဆေးခုံ နှင့်ကားဝပ်ရှော့ မှ ကားပြင်ဆရာများ အပါအဝင် (၄)ဦး ဖမ်းဆီးခံရပြီး ကားပြင်ရန် လာပို့ထားသည့် ကားများပါ သိမ်းဆည်းခံခဲ့ရသည်။