ထိုင်းနိုင်ငံ ကော့စမွေတွင် မြန်မာကုန်စုံပစ္စည်း ရောင်းချသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ 

Photo: Khaosod
Photo: Khaosod
ထိုင်းနိုင်ငံ ကော့စမွေတွင် မြန်မာကုန်စုံပစ္စည်း ရောင်းချသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ 

 ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်ကျော်လွန် အလုပ် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအား စစ်ဆေးနေရာ ၂၀၂၅ ခုနှစ် မတ်လ (၁၂)ရက်နေ့တွင် ကော့စမွေ၌ ဈေးရောင်းနေသည့် မြန်မာအမျိုးသမီးနှင့် မြန်မာကုန်စည်တစ်ထောင်ကျော်တို့ ဖမ်းဆီးခံရကြောင်း သိရသည်။

ကော့စမွေတွင် ကုန်စုံဆိုင်များအား လိုက်လံစစ်ဆေးမှုအတွင်း ဈေးရောင်းနေသည့် အသက် (၃၅)နှစ်အရွယ် မြန်မာအမျိုးသမီးကို စစ်ဆေးတွေ့ရှိရပြီး လွန်ခဲ့သည့် (၇)လဝန်းကျင်ကတည်းက တစ်လလျှင် ဘတ် (၁၂၀၀၀)ဖြင့် အရောင်းစာရေး လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဝန်ခံထားကြောင်း သိရသည်။

 Khaosod

Khaosod

ဈေးရောင်းသည့်အလုပ်အကိုင်ကို နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်ပေးမထားကြောင်း စစ်ဆေးရေးအဖွဲ့က ရှင်းလင်းပြောကြားကာ ခွင့်ပြုချက်မရှိ ဈေးရောင်းချမှုဖြင့် အရေးယူမည့်အပြင် မှတ်ပုံတင်ထားခြင်း မရှိသည့်ဆေးများ ရောင်းချမှုဖြင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စုံဆိုင်တွင်  မြန်မာထုတ်ကုန် ကုန်စည်အမျိုးအစား (၆၀)မှ စုစုပေါင်း ကုန်ပစ္စည်း (၁၀၄၁)ခုကို သိမ်းဆည်းရမိပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းကို ကာကွယ်သည့် အနေဖြင့် နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်မပေးသည့် အလုပ်အကိုင် (၂၇)မျိုးအဖြစ် ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်း၊ ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်း၊ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ဖျာယက်ခြင်းလုပ်ငန်း၊ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ ပန်းယွန်းလုပ်ငန်း၊ ထိုင်းတူရိယာလုပ်ငန်း၊ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း၊ ရွှေထည် ငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ ထိုင်းရိုးရာအရုပ်ပြုလုပ်ခြင်းလုပ်ငန်း၊ သပိတ်လုပ်ငန်း၊ ချည်ယက်လုပ်ငန်း၊ ဗုဒ္ဓရုပ်ပွားတော်ထုဆစ်ခြင်းလုပ်ငန်း၊ စက္ကူနှင့်ပိတ်ဖြင့် ပြုလုပ်သောထီးလုပ်ငန်း၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆေးလိပ်လိပ်ခြင်းလုပ်ငန်း၊ ထိုင်းအက္ခရာစီခြင်းလုပ်ငန်း၊ ပိုးချည်လုပ်ငန်းနှင့် အတွင်းရေမှူးလုပ်ငန်းတို့ကို ကန့်သတ်ထားခြင်းဖြစ်သည်။

 ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအား လုပ်ကိုင်ခွင့်ပြုမထားသည့် လုပ်ငန်း အမျိုးအစားပေါင်း (၂၇)မျိုး သတ်မှတ်ထားပြီး ဖေါက်ဖျက်ပါက အလုပ်ရှင်ရော အလုပ်သမားကိုပါ အရေးယူခြင်းဖြစ်သည်။

Source: Khaosod

Photo: Khaosod