လိုင်စင်မဲ့ကားများကို Car showroom များတွင် စတင်ဖမ်းဆီးခြင်း လုပ်ဆောင်နေသည့် တာချီလိတ်မြို့တွင် ကျိုင်းတုံရဲတပ်ဖွဲ့က လိုင်စင်ပါသည့် ကားကိုပါ ရောယောင်သိမ်းထားသည့် ဖြစ်စဉ်များ ရှိနေကြောင်း သိရသည်။
"မနေ့က လိုင်စင်မဲ့ကားတွေ သိမ်းတဲ့အထဲမှာ လိုင်စင်ပါတဲ့ ကားတချို့လည်း ရှိနေတာကို သူတို့က အကုန်မချလာတယ်။ ပိုင်ရှင်တွေဘက်က လိုင်စင်ပါကြောင်း အထောက်အထားနဲ့ပြတာကို စိစစ်ပြီး ချက်ချင်း ပြန်မပေးဘဲ အချိန်ဆွဲထားတာ ခုထိပဲ။ ကျွန်တော်တို့ ပြောကူတာလည်းမရဘူး"ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက Tachileik News Agency သို့ ယနေ့ ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။
တာချီလိတ်မြို့တွင်း လုပ်ငန်းလိုင်စင်ရှိ Car Showroom နှင့် လုပ်ငန်းလိုင်စင်မရှိသည့် Car Showroom အားလုံး နီးပါးမှ လိုင်စင်မဲ့ ကားများကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ ညနေပိုင်းကစပြီး ညနက်သည်အထိ ရှာဖွေသိမ်းဆည်းမှုများကို လုပ်ဆောင်ခြင်း ဖြစ်သည်။
လိုင်စင်မဲ့ကားများ သိမ်းဆည်းမှုကို တာချီလိတ်ရဲတပ်ဖွဲ့က ဦးဆောင်ခြင်း မဟုတ်ဘဲ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်၏ ညွှန်ကြားမှုဖြင့် ကျိုင်းတုံရဲတပ်ဖွဲ့က အဓိက ဦးဆောင်ကာ တာချီလိတ်မြို့ပေါ် ရပ်ကွက်အလိုက် လိုက်လံစစ်ဆေးဖမ်းဆီးခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ကျိုင်းတုံက ဆင်းလာပြီး Showroom တွေကို စစ်တော့ လိုင်စင်မဲ့ကား အနည်းငယ်ပဲ တွေ့ရတယ်။ အောက်ခြေက အားနာပြီး အရေးယူတာ မလုပ်မှာဆိုးလို့ ဆင်းလာရပေမဲ့။ သတင်းက (၃)(၄)ရက်လောက်ကတည်းက ကြိုထွက်ထားလို့ထင်တယ် Showroom တော်တော်များများက ကားတွေကို တခြားနေရာတွေမှာ ပြောင်းရွှေ့ထားကြတယ်။ ဒီကိစ္စကတော့ အထက်က ဘယ်လို ဆက်လုပ်ခိုင်းမယ်ဆိုတာတော့ မသိသေးပါဘူး"ဟု ဖမ်းဆီးရေးတွင် ပါဝင်သည့် ကျိုင်းတုံရဲတပ်ဖွဲ့တစ်ဦးက ပြောသည်။
စက်တင်ဘာလ(၃)ရက်နေ့က တာချီလိတ်မြို့တွင်းရှိ ဟောင် ကားအရောင်းပြခန်း၊ SKMM Car Showroom၊ AAA Car Showroom နှင့် FORD Car Showroom နှင့် Euro Car ရေဆေးခုံ အပါအဝင် ic(အိုင်စီ) ကားဝပ်ရှော့နေရာတို့ကို ဝင်ရောက်စစ်ဆေးပြီး လိုင်စင်မဲ့ကားများကို သိမ်းဆည်းကာ နေရာကျယ်သည့် ဟောင်လိတ်ရဲစခန်းတွင် ထားရှိကြောင်း သိရသည်။
ယင်းပြင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းသုံး စက်ယန္တရားများရှိသည့် MSP နှင့် UMG ရုံးတွင်းမှ ကားများနှင့် ဘတ်ဟိုးယာဉ်များကိုပါ လိုင်စင်ရှိ မရှိ စစ်ဆေးကြောင်းလည်း သိရသည်။
"မနေ့ညက ဂေါက်ကွင်းနားက ကား ဝပ်ရှော့တစ်ခုမှာဆိုရင် လာပြင်ထားတဲ့ ကားတွေကိုပါ သယ်သွားတာတွေ့ရတယ်။ ကားတွေထဲမှာ ကိုယ်ထည်ပဲပါတဲ့ အစုတ်အပြတ်တောင် သယ်သွားတာ။ ကျွန်တော့် လေ့လာကြည့်သလောက်က ကားဝပ်ရှော့တိုင်းကို ဝင်စစ်တာ မဟုတ်ဘဲ။ ကားဝပ်ရှော့ (၁)ခု (၂)ခုလောက်ကိုပဲ ဝင်စစ်တာလို့ သိရတယ်ဗျ။ တာချီလိတ်ထုံးစံအတိုင်း ကွက်ကျားမိုးလားတော့မသိဘူး။ ဒီနေ့တော့ တာချီလိတ်မြို့ထဲ အရင်နေ့တွေထက် လမ်းရှင်းနေတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။
လိုင်စင်မဲ့ကားများ နှင့်အတူ ကားဝပ်ရှော့နှင့် Car Showroom အချို့မှာ တာဝန်ရှိသူများကိုလည်း ဟောင်လိတ်နယ်မြေရဲစခန်းတွင် ညကတည်းက ခေါ်ထားပြီး နံနက်(၁၁)နာရီကျော်အထိ ပြန်မလွတ်သေးကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင် လိုင်စင်မဲ့ ကားများနှင့် ပတ်သက်ပြီး ယခင်အစိုးရလက်ထက်များကလို ကြိုတင်အသိပညာပေးခြင်းနှင့် အသိပေးနိုးဆော်ခြင်းများ လုပ်ဆောင်ခြင်းမရှိဘဲ ရုတ်တရက် ဖမ်းဆီးသိမ်းဆည်းခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Car Showroom မှ လိုင်စင်မဲ့ ကားများကို သိမ်းဆည်းနေခြင်းဖြစ်ပြီး လမ်းပေါ် နှင့် ရပ်ကွက်များအတွင်း လိုင်စင်မဲ့ကား ဖမ်းဆီးသိမ်းဆည်းမှု ပြုလုပ်ရန် အစီအစဉ် ရှိ မရှိကိုတော့ မသိရသေးသလို ကြိုတင်အသိပေးကြေငြာထားခြင်းလည်း မရှိသေးကြောင်း သိရသသည်။