လွိုင်ကော်မြို့ ရေဆက်တက်ကာ ရပ်ကွက်များမြုပ်နေ

လွိုင်ကော်မြို့ ရေဆက်တက်ကာ ရပ်ကွက်များမြုပ်နေ
စက်တင်ဘာ 20, 2024 | ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့အထိ ဘီလူးချောင်းရေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာများ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေတက်ခြင်းကြောင့် ရပ်ကွက်နှင့် ကျေးရွာများသည် စက်တင်ဘာလ (၁၅)ရက်နေ့က စတင်ရေတက်လာခြင်းဖြစ်ကြောင်း သိရသည်။ 

"ရေကဆက်တက်နေတုန်းပဲဗျ။ ဘီလူးချောင်းနဲ့ တောင်ကျရေတွေတက်တာပါ။ ဒေသခံတွေကတော့ ကုန်းမြင့်ပိုင်းနဲ့ လွတ်တဲ့အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေပေါ် တက်နေရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

လက်ရှိတွင် လွိုင်ကော်မြို့ရှိ နမ့်ကွဒ်၊ ချိကယ်အစပ်၊ ဒေါနိုးကူး၊ မှုံပြာ၊ ဘုရားဖြူ၊ ဖေါင်းတော၊ ဘုရားနီ မင်းစုကွက်သစ် စသည့် ရပ်ကွက်နှင့် ကျေးရွာများ ရေမြုပ်နေကာ ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။ 

လွိုင်ကော်မြို့သို့ ဝင်ရောက်လာသည့် မြစ်ရေများမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေများဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: CJ