လုပ်သက် (၁၀) နှစ်ကျော်အတွင်း လစာ မတိုးပေးသည့်အတွက်  ရွှေဆိုင်အလုပ်သမားက စုစုပေါင်း ဘတ် (၂၄) သန်း တန်ဖိုးရှိ ရွှေထည်များကို နည်းနည်းစီ ခိုးယူခဲ့

လုပ်သက် (၁၀) နှစ်ကျော်အတွင်း လစာ မတိုးပေးသည့်အတွက်  ရွှေဆိုင်အလုပ်သမားက စုစုပေါင်း ဘတ် (၂၄) သန်း တန်ဖိုးရှိ ရွှေထည်များကို နည်းနည်းစီ ခိုးယူခဲ့
သြဂုတ် 28, 2024 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်သာဘူရီပြည်နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အလုပ် လုပ်ကိုင်သူ ဆိုင်အလုပ်သမားက  ၎င်း၏ လုပ်သက် (၁၀) နှစ်ကျော်အတွင်း လစာ မတိုးပေး၍ဟုဆိုကာ စုစုပေါင်း  ဘတ် (၂၄) သန်း တန်ဖိုးရှိ ရွှေထည်များ နည်းနည်းစီ ခိုးယူခဲ့ကြောင်း သိရသည်။

ရွှေများကို ခိုးယူသည့် အသက် (၄၀) နှစ်အရွယ် ဆိုင်အလုပ်သမား Phaisarn သည် ဆိုင်ပိုင်ရှင်နှင့် အမျိုးတော်စပ်သည့်အတွက် မိသားစုဆိုသည့် ယုံကြည်မှုကြောင့် ပိုင်ရှင်အနေဖြင့် ရွှေဆိုင်ရှိ ရွှေထည်ပစ္စည်းများကို နေ့စဉ် အရေအတွက် စစ်ဆေးလေ့မရှိဘဲ နှစ်စဉ် စာရင်းချုပ်မှသာ  စစ်ဆေးလေ့ရှိကြောင်း သိရသည်။

 

ယခုအခါတွင်လည်း ရွှေထည်ပစ္စည်းများ ခိုးယူခံနေရခြင်းကို   နှစ်စဥ် ရွှေထည်ပစ္စည်း အရေအတွက် စစ်ဆေးမှုများ ပြုလုပ်ရာမှ သတိထားမိလာ၍ CCTV ကို ပြန်လည် ကြည့်ရာ  ရွှေထည်များကို ခိုးယူနေသူမှာ ဆိုင်အလုပ်သမား အလုပ်သမားဖြစ်သည့် ၎င်း၏ ဆွေမျိုးကိုယ်တိုင် ဖြစ်နေကြောင်း သိလိုက်ရခြင်းဖြစ်သည်။



CCTV အား ကြည့်ရှုရသည့် မြင်ကွင်းများအရ ၎င်း၏ အလုပ်သမားက  ရွှေဆိုင်တွင် ခင်းကျင်းပြသထားသော ကောင်တာတစ်ခုကနေ ရွှေထည် ပစ္စည်း (၁၅) ခု ဝန်းကျင်ကို ၂၀၂၃ ခုနှစ်၏ ဇွန်လကတည်းက ခိုးယူခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဆိုင်ပိုင်ရှင်သည် Royal Palace ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားလိုက်ပြီးနောက် ရဲတပ်ဖွဲ့က ရွှေထည်များ ခိုးယူသူအား ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၆)ရက်နေ့တွင် ဘန့်ယိုင်ရှိ ၎င်း၏ နေအိမ်၌ပင် ဖမ်းဆီးရမိကြောင်း သိရသည်။

ရွှေထည်များကို ခိုးယူသူ အသက် (၄၀) နှစ်အရွယ် ဆိုင်အလုပ်သမား Phaisarn သည် ရွှေထည်များကို ခိုးယူခဲ့မိကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။ 

ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်များအရ  ဆိုင်အလုပ်သမား Phaisarn က လစာမှာ ဘတ် (၁၅,၀၀၀) သာရရှိပြီး လစာတိုးပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံရကြောင်း၊ လုပ်သက် (၁၀) နှစ်ကျော်ကြာအထိ ကာလရှည်ကြာ အလုပ် လုပ်ကိုင်ပေးလာသော်လည်း ပိုင်ရှင်က လစာ လုံးဝ တိုးမပေးသည့်အတွက် စိတ်ပျက်ခဲ့သောကြောင့် ရွှေထည်များကို ခိုးယူနေခြင်းဖြစ်ကြောင်း  သိရသည်။



ကြိမ်ဖန်များစွာ ခိုးယူခဲ့သည့် ရွှေထည်များကို အခြား ရွှေဆိုင်များတွင် သွားရောက် ရောင်းချလေ့ရှိပြီး ရရှိလာသည့် ငွေများကို နေ့စဉ် အသုံးစရိတ် နှင့် အားလပ်ရက်များအတွက် သုံးစွဲခဲ့သည်ဟု သိရသည်။

ယင်းခိုးယူမှုကြောင့် ၎င်းအား ဥပဒေပုဒ်မ ၃၃၅ (၁၁) ဖြင့် စွဲချက်တင်ထားပြီး (၁) နှစ်မှ (၅) နှစ် ထောင်ဒဏ်နှင့် ဘတ် (၂၀,၀၀၀) မှ ဘတ် (၁၀၀,၀၀၀) ကြား ငွေဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။

 

Source: The Thaiger