ကွတ်ခိုင်မြို့တွင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရာ နေအိမ်နှစ်လုံး မီးလောင်

ကွတ်ခိုင်မြို့တွင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရာ နေအိမ်နှစ်လုံး မီးလောင်
သြဂုတ် 5, 2024 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း  စစ်ရှုံးနေသည့် စစ်ကောင်စီက ယနေ့  ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့ နေ့လယ်(၃)နာရီကျော်တွင် ကွတ်ခိုင်မြို့ကို ဗုံးကြဲရာ နေအိမ်(၂)လုံးမီးလောင် ပျက်စီးသွားကြောင်း TNLA ထံမှ သိရသည်။

 

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၅)၊ ဈေးဘက်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးယာဉ်ဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချရာ နေအိမ် (၂)လုံး ဗုံးစထိမှန်ကာ မီးလောင်နေပြီး လူထိခိုက်မှု ရှိ၊ မရှိကိုမူ ထုတ်ပြန်ထား ခြင်းမရှိသေးပါ။ 

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ဇန်နဝါရီလ(၇)ရက်နေ့တွင် မြို့တစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် Ta'ang National Liberation Army - TNLA သည် နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၁)ရက်နေ့ကစပြီး စစ်ကောင်စီသည် လားရှိုးမြို့တွင် စစ်ရှုံးနေသဖြင့် လောက်ကိုင်မြို့ကို ဗုံးကြဲချရာ ဆေးရုံ၊ ဟိုတယ်နှင့် နေအိမ်များပျက်စီးပြီး ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့ရသည်။