သံတွဲနှင့် မောင်တောမြို့တို့ကို စစ်ကောင်စီတပ်က ခံစစ်ပြင်ကာ မိုင်းများထောင်ထားသဖြင့် မိုင်းသတိဖြင့် သွားလာကြရန် AA အသိပေး

သံတွဲနှင့် မောင်တောမြို့တို့ကို စစ်ကောင်စီတပ်က ခံစစ်ပြင်ကာ မိုင်းများထောင်ထားသဖြင့် မိုင်းသတိဖြင့် သွားလာကြရန် AA အသိပေး

ရခိုင်ပြည်နယ် သံတွဲမြို့နှင့် မောင်တောမြို့တို့ကို စစ်ကောင်စီတပ်က ခံစစ်ပြင်ကာ မိုင်းများထောင်ထားသဖြင့် မိုင်းသတိဖြင့် သွားလာကြရန် အာရက္ခတပ်တော်(AA)က ယနေ့၂၀၂၄ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သံတွဲနှင့် မောင်တောမြို့များတွင် စစ်ကောင်စီသည် ခံစစ်အဖြစ်ပြင်ဆင်နေကာ မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကိုတွေ့ရသည်ဟု ဆိုသည်။

ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း သံတွဲမြို့၊ နံတော်တောင်တံတား(နန်းချောင်းတံတား)ပေါ်တွင် စစ်ကောင်စီသည် တံတားအား ဖောက်ခွဲဖျက်ဆီးရန် မိုင်းများထောင်ထားခဲ့သည့်အပြင် ၎င်းတို့ဆုတ်ခွာထွက်ပြေးသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားသည်များကို တွေ့ရှိရသည်ဟု ဆိုသည်။

ထို့ကြောင့် အရပ်သားအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် အသိပေးထားသည်။

ထို့အပြင် အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများကြောင့် အရပ်သားများ အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : AA Info Desk