မိုင်းယောင်းဒေသခံအတွက် အဓိကကျသည့် အား/ကာပိုင် မိုးလုံလေလုံအားကစားရုံရှိနေသည့် ဘောလုံးကွင်း နေရာကို စုပေါင်းရုံးအတွက် လုပ်ငန်းစတင်ထားရန် ညွှန်ကြား 

မိုင်းယောင်းဒေသခံအတွက် အဓိကကျသည့် အား/ကာပိုင် မိုးလုံလေလုံအားကစားရုံရှိနေသည့် ဘောလုံးကွင်း နေရာကို စုပေါင်းရုံးအတွက် လုပ်ငန်းစတင်ထားရန် ညွှန်ကြား 
ဇူလိုင် 3, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့တွင် အများပြည်သူများ အားကစားအတွက် အဓိက အသုံးပြုနေသည့် အား/ကာပိုင် မိုးလုံလေလုံအားကစားရုံရှိနေသည့် ဘောလုံးကွင်း နေရာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့မိမြို့ဖနှင့်ဒေသခံများ ကန့်ကွက်နေသည့်ကြားက အပိုင်သိမ်းပြီး ခရိုင်/မြို့နယ်စုပေါင်းရုံး  ဆောက်လုပ်ရန်အတွက် ကျိုင်းတုံ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး အဆောက်အဦးဆောက်လုပ်ရေး ကနဦး ဖောင်ဒေးရှင်းချထားရန် ညွှန်ကြားသွားကြောင်း သိရသည်။

"ကျိုင်းတုံက ဒုပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး ရောက်လာပြီးတော့ ဘတ်ဂျက်မကျသေးရင်တောင် ဖောင်ဒေးရှင်းအရင်ချထားဖို့နဲ့  အဲ့လို လုပ်ထားကြောင်းကို အမြန်ဆုံး အထက်ကို တင်ပြဖို့ရယ် ပြီးတော့ ရုံးအဆောက်အဦးအတွက် နေရာသတ်မှတ်ပြီးရင် လမ်းနည်းနည်းပဲ ချန်ပြီး ကျန်တာကို အကုန်အုတ်တံတိုင်းခတ်ဖို့ပါ ပြောသွားတယ်။"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း(ကျိုင်းတုံ) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး သည် ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ ညနေပိုင်းက မိုင်းယောင်းမြို့ပေါ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန(အား/ကာ)က ပိုင်  မိုးလုံလေလုံ အားကစားရုံနေရာ ဘောလုံးကွင်းသို့ လာရောက်ပြီး ကြည့်ရှုကာ ယင်းသို့ ညွှန်ကြားသွားခြင်း ဖြစ်ကြောင်း သိရသည်။

"မိုင်းယောင်းမှာ နေရာတွေ တော်တော်များများရှိပါတယ်။ ရုံးနေရာက အဓိကလား ဒေသခံတွေအတွက်က အဓိကလားဆိုတာကို စဉ်းစားသင့်တာပေါ့။ တချို့ မြို့မိမြို့ဖတွေလည်း ဌာနဆိုင်ရာတွေဘက်လိုက်တယ်။ တချို့ မြို့မိမြို့ဖတွေကတော့ မပြောဝံ့လို့ ငြိမ်နေကြတာလည်းရှိတာပေါ့။ အဲ့လို ငြိမ်နေတာကိုလည်း မကန့်ကွက်ဘူးလို့လည်း ထင်ကြတာပေါ့။ ဘာဖြစ်ဖြစ် ဒေသခံတွေအတွက် အဆင်ပြေရေးကို ဦးစားပေးသင့်တာကတော့ အမှန်ပါပဲ။ သူတို့ကတော့ ဒီအတွက် အကြောင်းပြချက်ပေးနိုင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်မှာပါ။ ဘာဖြစ်ဖြစ် ဒေသခံတွေကို အလေးထားသင့်တယ်။"ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

မိုင်းယောင်းတစ်မြို့လုံး အားကစားများနှင့် ကျောင်းသားအားကစားပွဲ အပါအဝင် အပျော်တန်း ဘောလုံးကန်ခြင်းများ အထိ အဓိက ပြုလုပ်သည့်   ရပ်ကွက်(၄)အတွင်းရှိ မိုးလုံလေလုံ အားကစားရုံနေရာ ဘောလုံးကွင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန(အား/ကာ)က ပိုင်ဆိုင်ခြင်းဖြစ်သော်လည်း ထွေ/အုပ်က (၁.၂၃၀)ဧက ယူပြီး အပိုင်စီးကာ ခရိုင်/မြို့နယ်စုပေါင်းရုံး အဖြစ် ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

"အားလုံး ဖြစ်စေချင်တာကတော့  ဒီနေရာက  ကလေးတွေ ကျောင်းဆင်းချိန်တို့  ကျောင်းပိတ်ရက်တို့ဆိုရင် ဆော့ပြီး အားကစားလုပ်တဲ့နေရာလေ အဲ့ဒါကြောင့်  သူတို့ဒီနေရာမှာ မဆောက်ရလဲ အဲ့လောက်ကြီးသူတို့အတွက် ပြသနာတွေဖြစ်မှာ မဟုတ်ပါဘူး။   ကလေးတွေက ဒီနေရာလေးပဲ အဓိထား အားကစားလုပ် ဆော့လိုရတဲ့နေရာ ဆိုတော့ ဒီအားကစားကွင်းမှာ ဆောက်လိုက်ရင်  ကလေးတွေအတွက် တော်တော် အဆင်မပြေဖြစ်မှာပါ။ ဒီနေရာကို အားကစားအတွက်ဘဲ သုံးစေချင်ပါတယ်။ အကယ်၍ ဆောက်လုပ်ဖို့ ငွေကျလာရင် သူတိုဆောက်တော့မယ်ဆိုရင် တခြားလူတွေလဲ အကုန် ကန့်ကွက်ကြမှာပါ"ဟု ကလေးမိဘတစ်ဦးက Tachileik News Agency က ဇူလိုင်လ(၁)ရက်နေ့က ပြောကြားထားသည်။

မိုင်းယောင်းမြို့တွင် အားကစားကွင်းအနေဖြင့် စံပြကျေးရွာတွင်   မြို့နယ်အားကစားကွင်း၊ ရပ်ကွက်(၄)တွင် မိုးလုံလေလုံအားကစားရုံနှင့်ဘောလုံးကွင်းတို့ ရှိရာ ဒေသခံများအားလုံးမှာ မြို့နယ်အားကစားကွင်းတွင် ဘောလုံးကန်ရ အဆင်မပြေ၍ ဘောလုံးကွင်းရှိသည့် မိုးလုံလေလုံအားကစားရုံတွင်သာ အားကစား လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။