တာချီလိတ်မြို့တွင် လုံခြုံရေး တင်းကြပ်ထားသည့်ကြားက အမျိုးသမီးတစ်ဦးကို ဓါးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုယူသွား

တာချီလိတ်မြို့တွင် လုံခြုံရေး တင်းကြပ်ထားသည့်ကြားက အမျိုးသမီးတစ်ဦးကို ဓါးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုယူသွား

 တာချီလိတ်မြို့၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိပြီး နေချင်းပြန်သွားသည့် ဧပြီလ(၅)ရက်နေ့တွင်  လမ်းကြို လမ်းကြားများ၌ လုံခြုံရေးများ တင်းကြပ်နေသည့် ကြားက ဓါးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ(၅)ရက်နေ့ ည(၇)နာရီ မထိုးမီအချိန်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း၊ တော်ကော့(ပြင်)  ရပ်ကွက်ရုံးရှိရာလမ်းတွင် အမျိုးသား(၂)ဦးက ဓါးရှည်ကိုင်ဆောင်ကာ အမျိုးသမီးတစ်ဦးကို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုယူသွားကြောင်း  ဆိုင်ကယ်လုခံရသူက လူမှုကွန်ရက်တွင် အသိပေး အကူအညီတောင်းခံထားသည်ကို တွေ့ရသည်။

တာချီလိတ်မြို့တွင် နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် အပါအဝင် ဝန်ကြီးများ၏ ခရီးစဉ်များရှိ၍ ဧပြီလ(၁)ရက်နေ့က စပြီး မြို့တွင်း လုံခြုံရေးများ ယနေ့အထိ တင်းကြပ်ထားရာမှ ယခုလို ဓါးပြတိုက်လုယက်မှုမျိုး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

တာချီလိတ်မြို့တွင် နေ့စဉ် နီးပါး ဆိုင်ကယ် လုခံရမှုနှင့် ခိုးခံရမှုများ ဖြစ်ပွားလေ့ရှိရာ သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားရာတွင် ရဲတပ်ဖွဲ့က ကူညီရှာဖွေပေးခြင်းမရှိဘဲ လာရောက် တိုင်ကြား အကူအညီတောင်းခံသူကို အဆင်ပြေပြေ ပြောဆို ဆက်ဆံမှုများ မပြုလုပ်ဘဲ နှင်လွှတ်သည့် ဖြစ်စဉ်များစွာ ရှိခဲ့၍ တာချီလိတ်မြို့နေ ပြည်သူမျာ အများစုမှာ ရဲစခန်းသို့သွားရောက် တိုင်ကြားခြင်းမရှိတော့ဘဲ လူမှုကွန်ရက်(Facebook)ပေါ်တွင် တင်၍ အချင်းချင်း အကူအညီတောင်းခံမှုများသာ ပြုလုပ်လေ့ရှိကြသည်ကို တွေ့ရသည်။

#TachileikNewsAgency