[ ပေးစာ ] မိုင်းဆတ်မြို့နယ် ပညာရေးမှူးနှင့် ဒုမြို့နယ်ပညာရေးမှူးတို့ ဌာနတွင်း ရာထူးအာဏာ နှင့် ငွေကြေး အလွဲသုံးစားမှု

[ ပေးစာ ] မိုင်းဆတ်မြို့နယ် ပညာရေးမှူးနှင့် ဒုမြို့နယ်ပညာရေးမှူးတို့ ဌာနတွင်း ရာထူးအာဏာ နှင့် ငွေကြေး အလွဲသုံးစားမှု
သြဂုတ် 4, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်တို့သည် ဌာန အတွင်း အကျင့်ပျက် ခြစား မှု ၊ ငွေကြေး အလွဲသုံးစားမှု ၊ ရုံးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်မှု မရှိခြင်း ၊ နှင့် လူမှုရေး ဖေါက်ပြန်မှုများ အပေါ် အထက်ဌာန တာဝန်ရှိသူများ မှ   လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြတိုင်ကြားအပ်ပါသည်။

ပညာရေးမှူး ဦးစိုင်းတင့်ဆန်း နှင့် ဒု မြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်တို့သည် မိုင်းဆတ်မြို့နယ်ပညာရေးဌာနတွင် ယခင် ရုံးအုပ် (ယခု ဒုဦးစီး) ဒေါ်ယဉ်မင်းသက် နှင့် ပေါင်းကာ အထက်မှ ခွဲဝေချထားပေးသော ဘတ်ဂျက်ခွင့်ပြုငွေများကို ၎င်းတို့သဘောဖြင့် စိတ်ထင်သလို စီမံခန့်ခွဲ သုံးစွဲနေကြပါသည်။

ဒေါ်ယဉ်မင်းသက်မှာ ယခင်က ရုံးအုပ် တာဝန်မှ ယခု ဒုဦးစီးမှူး ဖြစ်လာသော်လည်း နောက်ရောက်လာသည့် ရုံးအုပ်အား ငွေစာရင်း အပါအဝင် လုပ်ငန်းဆိုင်ရာများကို ယခုအထိ လွှဲပြောင်းပေးအပ်ခြင်း မပြုသေးဘဲ ထင်သလို လုပ်ကိုင် နေပါသည်။

မိုင်းဆတ်မြို့နယ်အတွင်း စာသင်ကျောင်းများ အပါအဝင် ပညာရေး ဘတ်ဂျက်ခွင့်ပြုငွေများကို ကန်ထရိုက် နှင့် ပေါင်းကာ လုပ်ငန်းရာခိုင်နှုန်းများ အလိုက် ခွဲဝေရယူပြီး ၊ အဆောက်အဦများမှာ သတ်မှတ်စံချိန်စံညွှန်းများနှင့် မကိုက်ညီမှုများကို စိစစ်တွေ့ရှိနိုင်ပါသည်။

မိုင်းဆတ်ကျောင်းများအတွက် ကျောင်းစာကြည့်တိုက် ရန်ပုံငွေများကိုလည်း  ၎င်းတို့ ကိုယ်ကျိုးအတွက် ထုတ်ယူ သုံးစွဲမှုများ ကို စိစစ်တွေ့ရှိနိုင်ပါသည်။

   

မိုင်းဆတ်မြို့နယ်ပညာရေး ဝန်ထမ်းများအတွက် ခရီးစရိတ် ရသင့် ရထိုက်သော ငွေများကို ဖြတ်တောက် ခုနှိမ်ထုတ်ပေးမှုများကြောင့် ပညာရေးဝန်ထမ်းများမှာ များစွာ နစ်နာလျှက်ရှိသည့် အပြင် မိုင်းဆတ်မြို့နယ်ပညာရေးမှူးရုံးတွင်

(၁၀) တန်းမအောင်သော ကောင်မလေး သုံးယောက်အား စာရေးမအဖြစ် တရားဝင် ခန့်ထားမှုများကို ဆောင်ရွက်နေပါသည်။



၎င်းအပြင် မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်တို့သည် မြို့နယ် ပညာရေးမှူးရုံးတွင် လူမှုရေး အရှုတ်အရှင်း ပြဿနာများလည်း  သတင်းထွက်ပေါ်လျှက်ရှိကြောင်း အထက် ဌာန တာဝန်ရှိသူများ နှင့် အများပြည်သူ သိရှိနိုင်ပါရန် Tachileik News Agency မှ တစ်ဆင့် တိုင်ကြားလိုက်ရပါသည်။



                          မိုင်းဆတ်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦး 

 

Tachileik News Agency ၏ ပေးစာကဏ္ဍသို့ ပေးစာများ ပေးပို့လိုပါက [email protected] ကနေ ပေးပို့လာနိုင်ပြီး အကြောင်းအရာ အပြင် ပေးပို့သူ၏ အမည် နှင့် ဖုန်းနံပါတ်ကိုလည်း ပေးပို့လာရပါမည်။ ပေးပို့သူ၏ အမည်နှင့် ဖုန်းနံပါတ်ကို လျှို့ဝှက်ပေးထားပါမည်။