ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်၏ ကျောင်းဆောင်နေ ကျောင်းသားများအားလုံး မဖြစ်မနေ ထမင်းဖိုး ကျပ်(၈၀၀၀၀)ပေးရမည်ဟု အတင်းအဓမ္မ သတ်မှတ်

ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်၏ ကျောင်းဆောင်နေ ကျောင်းသားများအားလုံး မဖြစ်မနေ ထမင်းဖိုး ကျပ်(၈၀၀၀၀)ပေးရမည်ဟု အတင်းအဓမ္မ သတ်မှတ်
နိုဝင်ဘာ 20, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်က ကျောင်း၏ အဆောင်တွင် နေသည့် ကျောင်းသားများအားလုံး ထမင်းစားသည်ဖြစ်စေ မစားသည်ဖြစ် စားစရိတ်အဖြစ် ကျပ်(၈၀၀၀၀)ပေးရမည်ဖြစ်ပြီး မပေးပါက မနေရဟု  ပါမောက္ခချုပ်ကိုယ်တိုင်က ဖိအားပေးပြောကြားကြောင်း သိရသည်။

" ကျောင်းအုပ်ကိုယ်တိုင်က မစားလည်းပေး၊ စားလည်းပေးရမယ် မပေးနိုင်ရင် မနေရဘူးဆိုပြီး ပြောတာပါ။ အဆောင်နေသမျှ ကျောင်းသားတွေအားလုံး ထမင်းဖိုးပေးရမယ်။ မပေးရင် အဆောင်မှာ ပေးမနေဘူးဆိုပြီး ဖိအားပေးခံနေရတယ်။ နယ်ဝေး ကျောင်းသားတွေများတဲ့အပြင် သွားလာ ခက်ခဲလို့ အပြင်ဆောင် မနေနိုင်မှန်းလည်းသိလို့ အကြပ်ကိုင်နေသလိုပါ။ ကျောင်းမှာက ဗိုလ်ကတော်ဆရာမတွေ အများစုပါတယ်။ သူတို့က ပါချုပ်နဲ့ ပေါင်းလုပ်နေတာ။"ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ကျောင်းသား/သူများထဲက လုံခြုံရေးအရ အမည်မဖော်လိုသည့် တစ်ဦးက Tachileik News Agency သို့  ပြောပြသည်။

 ကျောင်းသား ကျောင်းသူများ သက်သာရေးအတွက်ဟု အကြောင်းပြကာ ကျောင်း၏ အဆောင်တွင် နေသည့် ကျောင်းသား ကျောင်းသူများအားလုံး ထမင်းစားသည်ဖြစ်စေ မစားသည်ဖြစ်စေ ထမင်းဖိုးအဖြစ် တစ်လလျှင် ကျပ် (၈၀၀၀၀)ပေးရမည်ဟု ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့က ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၏  ပါမောက္ခချုပ်ဒေါ်သင်းသုနိုင် ကိုယ်တိုင်  ပြောခြင်း ဖြစ်သည်ဟု သိရသည်။

ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ကျောင်းအဆောင်များကို နိုင်ငံတော်က တည်ဆောက်ပေးထားခြင်းဖြစ်ပြီး အဆောင်ခကိုတော့ (၄)လကို ကျပ်(၂၀၀၀၀)ကောက်ကြောင်း နှင့် ယခု ဖိအားပေးကာ မဖြစ်မနေ တောင်းခံသည့် ထမင်းဖိုးသီးသန့်မှာ ကျပ်(၈၀၀၀၀)ဖြစ်ပြီး နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စတင်မည်ဟု သိရသည်။

ကျောင်းဆောင်နေသူများအတွက် ထမင်းဖိုးကျပ်(၈၀၀၀၀)ကောက်ခံပြီး ကျောင်း၏ ဆရာမများမှာ စစ်သား၏ မိန်းမ  အများစုဖြစ်၍ ၎င်းတို့၏ တပ်မှ စစ်သား သို့မဟုတ် စစ်သား၏ မိန်းမများကိုခေါ်ပြီး ချက်ပြုတ်ခိုင်းရန် စီစဉ်ထားသည်ဟုလည်း ကြားသိရသည်။

"ဒေါ်သင်းသုနိုင်ကတော့ မလာခင် ကြားထားတာတွေ နဲ့ အခု လုပ်ရပ်တွေက တခြားစီဆိုတာ အသေချာပါ။ အခုက လွိုင်မွေတပ်က တပ်ရင်းမှူးကတော် နဲ့ သူနဲ့ ပေါင်းလုပ်တဲ့ သဘောပါ။ ဒီနေ့ ကျောင်းသားတွေ ထပ်ရောက်တာဆိုရင် အသစ်အဟောင်း အပါအဝင် (၅၀)နီးပါရှိတယ်။ "ဟု ကျောင်းသား ကျောင်းသူများထဲက တစ်ဦးက ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ပြောသည်။

ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၏  ပါမောက္ခချုပ်ဒေါ်သင်းသုနိုင်သည် နိုင်ငံ့အာဏာသိမ်းခံရသည့် ကာလက ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၏ ပါမောက္ခချုပ်ဖြစ်ပြီး ထိုစဉ်က CDM ပြုလုပ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ခုနှစ် ဧပြီလ(၁)ရက်နေ့က တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ပြီးနောက် ယခုအခါတွင် CDM ပယ်ဖျက်ပြီး လုပ်ငန်းပြန်ဝင်၍  ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၏  ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။



နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း လက်ရှိ၌ ကျောင်းတက်နေကြသည့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများမှာ ၎င်းတို့ကိုယ်တိုင် စိတ်ပါ၍ မဟုတ်ဘဲ မိဘများကို မလွန်ဆန်နိုင်၍ ကျောင်းလာတက်နေရခြင်း ဖြစ်သော်လည်း ယခုလို အာဏာရှင်ဆန်သည့်  ဖိအားပေးမှုများကို စက်စုတ်ရွံရှာစရာကောင်းသည်ဟုလည်း ဆိုသည်။

"မိဘတွေကို မလွန်ဆန်နိုင်လို တက္ကသိုလ်လာတက်နေရပြီး အခုလို အတင်းအကြပ်သတ်မှတ်တော့ ကျောင်းပါထွက်ချင်နေပြီလို့ အများစုကလည်း အဲ့လို ပြောနေကြတယ်။"ဟု ကျောင်းသား/ကျောင်းသူ တစ်ဦးက ဆိုသည်။

စားစရိတ်ကောက်ခံသည့် အစီအစဉ်သည်  ယခင်ကလည်း မရှိခဲ့ဘဲ ယခုမှသာ ရှိလာသည့်အတွက် ကျောင်းသား ကျောင်းသူများက သဘောမတူကြောင်း နှင့် ယခုလို အတင်းအဓမ္မသတ်မှတ်ခြင်းကို မနစ်မြိုဘဲ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သာ ရလိုသည်ဟုလည်း ဆိုကြသည်။