ပြည်သူက မတင်မြောက်ဘဲ အာဏာသိမ်းပြီး ဝန်ကြီးဖြစ်လာသူများက “အသက်ထက် မြတ်သော ဂုဏ်သိက္ခာ”အမည်ရှိ နတ်သျှင်နောင်၏ နိုင်ငံတွင်းပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ မလှမပဇာတ် သိမ်းရသည့် ဇာတ်ထုတ်ကို အသုံးချပြီး ဝါဒဖြန့်ပြဇာတ်အဖြစ် အသက်သွင်းကာ ဂုဏ်သိက္ခာ မရှိပြုလုပ်ကြရန် ပြင်ဆင်နေသည်ဟု သိရသည်။
၎င်းပြဇာတ်တွင် ဟံသာ၀တီနှင့် တောင်ငူ၊ အင်းဝ အစ ရှိသည့် ပဒေသရာဇ်စနစ်များ၏ အားပြိုင်မှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းများကို နောက်ခံပြု၍ နတ်သျှင်နောင်၏ နိုင်ငံတွင်း ပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစားကာ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော နိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာတစ်ရပ်အဖြစ် ပုံဖော်ပြီး ဝါဒဖြန့်ရန် စီစဉ်နေကြခြင်းဖြစ်သည်။
ယင်းသို့ ဝါဒဖြန့်ရန် သမိုင်းဆိုင်ရာအချက်အလက် အထောက်အထားများနှင့် ဇာတ်အိမ်ဇာတ်ညွှန်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက စီစဉ်ပြုစု၍ ဇာတ်စာရေးဆရာကြီး ဦးနန်းညွန့်ဆွေ (မန္တလေး)က ဇာတ်စာ၊ ဇာတ်စကားများ ထည့်သွင်းရေးသားထားသည်ဟု ဆိုသည်။
အဆိုပါ ပြဇာတ်တွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ် အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ ရဝေရှင်ထွေးအဖြစ် ဒေါ်သီရိမျိုးစံ၊ အင်းဝ ဘုရင် မင်းရဲနန္ဒမိတ်(အနောက်ဘက်လွန်မင်း)အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ လူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပိုဆိုင်း ရွာစား နိုင်လင်းဗိုလ်နှင့်အဖွဲ့တို့ ပါဝင်ကြမည်ဟု သိရသည်။
အဆိုပါ ပြဇာတ် ဇာတ်တိုက်လေ့ကျင့်မှုကို ဩဂုတ်လ(၂၉)ရက်နေ့က နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ပြုလုပ်ခဲ့ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဆိုသူ ကိုကို၊ နယ်စပ်ရေးရာဝန်ကြီးဆိုသူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆို သူ မောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆိုသူ အောင်နိုင်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဆိုသူ လှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဆိုသူ ရွှေလေးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ခင်အောင်မြင့် အပြင် စစ်ကောင်စီ၏ ရာထူးခန့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
#TachileikNewsAgency