လူမျိုးတုံးသတ်ဖြတ်မှုအပေါ်  ဆက်လက်ကြားနာစစ်ဆေးမည့် ICJ ၏ ဆုံးဖြတ်ချက်ကို NUG ထောက်ခံ ကြိုဆို

Photo: ICJ
Photo: ICJ
လူမျိုးတုံးသတ်ဖြတ်မှုအပေါ်  ဆက်လက်ကြားနာစစ်ဆေးမည့် ICJ ၏ ဆုံးဖြတ်ချက်ကို NUG ထောက်ခံ ကြိုဆို
ဇူလိုင် 23, 2022

 ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ စီရင်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြိုဆို ကြောင်း ယနေ့ ဇူလိုင်လ(၂၃)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ထုတ်ပြန်ချက်တွင် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် လိုက်နာကျင့်သုံးခြင်းနှင့် စပ်လျဉ်းသော (ဂမ်ဘီယာနှင့်မြန်မာ)အမှုတွင် ကနဦးကန့်ကွက်ချက်များအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏  စီရင်ချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုသည်ဟု ထုတ်ပြန်ထားသည်။

စီရင်ပိုင်ခွင့်အာဏာသို့ ကန့်ကွက်ချက်များအားလုံးနှင့် ထိုသို့ လျှောက်ထားချက်ကို လက်ခံနိုင်စွမ်းအား ပယ်ချလိုက်သည့် ICJ ၏ စီရင်ချက်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း စစ်ဆင်ရေးများလုပ်နေစဉ် ရိုဟင်ဂျာများသို့ ဦးတည်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ်  ခိုင်မာသောကြားနာစစ်ဆေးမှုများ ဆောင်ရွက်ရန် နည်းလမ်းကို ရှင်းလင်းစေသည်ဟု ထုတ်ပြန်ထားသည်။

ဒါ့အပြင် ကန့်ကွက်ချက်များအပေါ် ကြားနာမှုသည် ဆက်ကြားနာရန် မလိုအပ်ခဲ့ပေဟု ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်တွင် ဤအမှုတွင် မြန်မာနိုင်ငံ၏ သင့်တော်၊ လျော်ကန်သော ကိုယ်စားလှယ်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံကြောင်းနှင့် ကနဦး ကန့်ကွက်ချက်များအားလုံးကို ရုပ်သိမ်းကြောင်း ICJ သို့ အသိပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ်အချက်များဖြစ်ရန် လိုအပ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရသည် အမှုအတွင်း ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်ကမ်းလှမ်း သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၀၂ခုနှစ်မှစ၍ ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)၏ တရားစီရင်ပိုင်ခွင့် အာဏာကို လက်ခံကြောင်း အပိုဒ်- ၁၂(၃) ကြေငြာစာတမ်းကို ICC သို့ တင်ပြထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

 အမျိုးသားညီညွတ်ရေးအစိုးရသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)နှင့် နိုင်ငံအဆင့် တရားစွဲဆိုခြင်း ဝန်ဆောင်မှုများသို့ အထောက်အထားများကို ဆက်လက် မျှဝေမည်ဖြစ်ပြီး၊ အခြားသော တရားစီရင်ပိုင်စုများတွင် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ တိုးတက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။