တပ်တွင်း စီမံချက်အရ အထက်အောက်ညီညွတ်မျှတကြောင်း ပြသသည့် အနေဖြင့် အရာရှိနှင့် လက်အောက်ငယ်သားများ ထမင်းအတူ စားပြ

တပ်တွင်း စီမံချက်အရ အထက်အောက်ညီညွတ်မျှတကြောင်း ပြသသည့် အနေဖြင့် အရာရှိနှင့် လက်အောက်ငယ်သားများ ထမင်းအတူ စားပြ
ဇူလိုင် 23, 2022

တပ်တွင်း အထက်ဖား အောက်ဖိ နှိပ်ကွပ်မှုများကြောင့်  တပ်တွင်းပုန်ကန်မှုအဖြစ် CDM လုပ်ဆောင်သည့် အရာရှိနှင့် စစ်သည်များစွာ ရှိလာခဲ့ပြီးနောက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း" အမိန့်ပေး ညွှန်ကြားလိုက်ပြီးနောက် တိုင်းမှူးနှင့်လက်အောက်ငယ်သားများ ထမင်းအတူစားပြလာကြသည်။

"ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း" အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ပေး ညွှန်ကြားလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ အမိန့်ပေးညွှန်ကြားချက်အရ တပ်နယ်အတွင်း တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)နှင့် ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်နေကြောင်းကို ပြသရန်အတွက် ခဏတာ ထမင်းစားဝိုင်းဖန်တီးပြီး ဝါဒဖြန့် သတင်းမီဒီယာတို့တွင် ဖော်ပြလာသည်ကို ဇူလိုင်လ(၂၁)ရက်နေ့အထိ တွေ့ရသည်။

ခဏတာ ထမင်းစားဝိုင်းဖန်တီးပြီး မှတ်ပုံဓါတ်ပုံများရိုက်ကာ "အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်ပေး၍ တက်ရောက်အားပေးကာ  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ လက်ရေတစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်"ဟု ဖော်ပြထားပြီး ယင်းသို့ ဖော်ပြသည့် အကြောင်းအရာကို ဖန်တီထားသည့် ထမင်းစားသတင်းများတွင် ပုံစံချကာ ဖော်ပြထားရှိသည်။

ယင်းသို့ တိုင်းမှူးနှင့်လက်အောက်ငယ်သားများ ထမင်းစားပြမှုကို ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း၌ စတင်ကာ လုပ်ဆောင်ပြီး သတင်းစာများတွင် မဖြစ်မနေ ထည့်သွင်းဖော်ပြရန် ပုံများကို ပေးပို့ရမည်ဟုလည်း ညွှန်ကြားထားသည်ဟု သိရသည်။

 

အာဏာသိမ်းစစ်တပ်သည် လက်အောက်ငယ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လက်နက်ကိုင် တော်လှန်သူများကို တိုက်ခိုက်ရန်အတွက် ရှေ့တန်းအဖြစ် လိမ်လည်ပြီး စေလွတ်မှုများ၊ တပ်တွင်းဖိနှိပ်မှုများနှင့် အရပ်သားအစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းမှုများကို မကြိုက်၍ ပြည်သူနှင့်အတူ ပူးပေါင်းပြီး CDM လုပ်ဆောင်လာမှုများမှာ အရာရှိများကနေ အောက်ခြေ တပ်သားအဆင့်အထိ အများအပြားရှိကြောင်း သိရသည်။

ပြည်သူနှင့်အတူ ပူးပေါင်းပြီး CDM လုပ်ဆောင်မည့် စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တပ်နှင့်ရဲ CDM တို့၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် တတ်နိုင်သည့်နည်းလမ်းတို့ဖြင့် အဘက်ဘက်မှ ထောက်ကူနေသည့် "ပြည်သူ့ရင်ခွင် - People's Embrace" http://t.me/MyanmarPeople (@MyanmarPeople Telegram) နှင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ပြီး CDM လုပ်ဆောင်နိုင်ကြောင်းလည်း သိရသည်။