စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းမဲ့ မှားယွင်းဖမ်းဆီးမှု အပါအဝင် ပြည်တွင်း မငြိမ်သက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ ခရီးမသွားကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်ကို ဖြည့်စွက်ပြင်ဆင် ထုတ်ပြန်ခဲ့သည်။
COVID-19 နှင့် ဆက်နွယ်သည့် ကန့်သတ်ချက်များကြောင့်လည်း မြန်မာနိုင်ငံသို့ ခရီးသွားရန် ပြန်စဥ်းစားသင့်ကြောင်း ထိုအကြံပြုချက်တွင် ပြောထားသည်။
ခရီးသွားလာခြင်းနှင့် ပတ်သက်၍ နက်ပြာရောင်( Level - 1 )၊ အဝါဖျော့ရောင်( Level - 2 )၊ လိမ္မော်ရောင်( Level - 3 ) နှင့် အနီရောင် ( Level - 4 )စသည်ဖြင့် အဆင့်များသတ်မှတ်ထားရာတွင် မြန်မာကို Level 4: Do Not Travel အနီရောင်အဆင့် သတ်မှတ်ထားခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသို့ ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်တွင် အမေရိကန်နိုင်ငံသား မှားယွင်းဖမ်းဆီးခံရမှု နောက်ဆုံးအချက်အလက်ကို ဖြည့်စွက်ပြီး ဇူလိုင်လ (၁၉) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်တပ်က အစိုးရတာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းပြီး ဖြုတ်ချခဲ့ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ပြီး ဆက်လက်ဖြစ်ပေါ်နေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်တွင် မြန်မာစစ်တပ်က အမေရိကန်နိုင်ငံသား အနည်းဆုံး တစ်ဦးကို မှားယွင်းဖမ်းဆီးခဲ့သည်ဟု သတ်မှတ်ကြောင်း ပြောထားသည်။
ထိုအကြံပြုချက်တွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းမငြိမ်သက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ တိုးမြှင့်ဖြစ်ပွားလာသည့် နေရာဒေသများကိုလည်း ဖော်ပြထားသည်။
ထိုနေရာဒေသများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အနည်းဆုံး (၇) ခုနှင့် မြို့နယ်အရေအတွက် အနည်းဆုံး (၂၉) ခု ပါဝင်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်ကို အဆင့် (၄) ဆင့် သတ်မှတ်ထားပြီး မြန်မာအပါအဝင် နိုင်ငံ (၆) ခုနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်တို့ကို အန္တရာယ်ရှိမှုကြောင့် ခရီးမသွားရန် အမြင့်ဆုံး အကြံပြုသတိပေးချက် အဆင့် (၄) (Level 4) အဖြစ် သတ်မှတ်ထားသည်။
အမေရိကန်က ခရီးမသွားရန် သတ်မှတ်ထားသည့် နိုင်ငံများမှာ မြန်မာ၊ အီရန်၊ အီရတ်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် ဗင်နီဇွဲလားတို့ ဖြစ်သည်။
Source: U.S. Department of State