ပြည်နယ်(ဖက်ဒရယ်ယူနစ်)များ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများကို သက်ဆိုင်ရာပြည်နယ်(ဖက်ဒရယ်ယူနစ်)များက လိုအပ်သလို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မေလ(၅) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
သက်ဆိုင်ရာ ပြည်နယ်(ဖယ်ဒရယ်ယူနစ်)များမှ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း (၈) ပုဒ်မ ၅၂၊ ၅၃ တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။
အကယ်၍ ပြည်ထောင်စုနှင့် ပြည်နယ် (ဖယ်ဒရယ်ယူနစ်)အကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အရေးကိစ္စများနှင့် လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပါက NUG မှ သက်ဆိုင်ရာပြည်နယ်(ဖက်ဒရယ်ယူနစ်)တို့နှင့်အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုတွင် ရပ်ကွက်၊ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် ဧပြီလ(၁၄)ရက်က ထုတ်ပြန်ခဲ့သဖြင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ပြည်သူ့ညီလာခံက အတည်ပြုထားသည့် ဖယ်ဒရယ်ဒီမိုကစီပဋိညာဉ်နှင့် ဆန့်ကျင်နေသဖြင့် ကန့်ကွက်ကြောင်း ဧပြီလ(၂၆)ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ကန့်ကွက်ခြင်းကြောင့် မေလ(၅)ရက်တွင် NUG က ဒီးမော့ဆိုမြို့နယ်၊ ကြားကာလ ရပ်ကွက်၊ ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန် ထုတ်ပြန်ညွန်ကြားချက်သည် NUG မဖွဲ့စည်းရသေးသည့်အချိန်၊ ဖက်ဒရယ်ပဋိညာဉ် မပေါ်ပေါက်သေးသည့်အချိန် ပြည်သူများမှ ရပ်ရွာလုံခြုံရေးလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်နေသည့် အချိန်တွင် အထောက်အကူဖြစ်စေရန် CRPH က ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ကို ရည်ညွန်း၍ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားသည်ကို တွေ့ရသည်။
လက်ရှိတွင် NUG အား ဖွဲ့စည်းပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်များကို သက်ဆိုင်ရာ ပြည်နယ်(ဖယ်ဒရယ်ယူနစ်) ကောင်စီများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း အကောင်အထည် ဖေါ်ဆောင်ရွက်နေပြီဖြစ်ရာ ပြည်နယ်(ဖက်ဒရယ်ယူနစ်)များ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို NUG ကသာ တာဝန်ယူ၍ သက်ဆိုင်ရာများနှင့ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။