အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ တပ်သားများ လက်နက်ကြီးဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပါက ကျပ်သိန်း(၅၀)ပေးမည်ဟု ကျိုက်ထို PDF က ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။
လက်နက်ကြီးဖြစ်သည့် RPG၊ ၄၀ မမ၊ ၆၀ မမ တစ်လက်လျှင် ကျပ်သိန်း(၅၀)၊ လက်နက်ငယ်တစ်လက်လျှင် ကျပ်သိန်း (၃၀)၊ ကျည်ဘောက် (Magazine) (၁) ခုလျှင် (၅)သောင်းကျပ်၊ လက်နက်ငယ် ကျည်ဆံ (၁)တောင့်လျှင် (၅၀၀)ကျပ်၊ လက်ပစ်ဗုံးသီး (၁) လုံးလျှင် (၁) သောင်းကျပ်ပေးအပ်ချီးမြှင့်မည်ဖြစ်ကာ လွတ်မြောက်နယ်မြေသို့ ပိုဆောင်ပေးမည်ဟု ကြေညာထားသည်ကို တွေ့ရသည်။
"ပြည်သူလူထုအား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေအဖြစ် ဆက်လက်မလုပ်ကိုင်လိုဘဲ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသော တပ်မတော်သားများအနေဖြင့် အလင်းဝင်လိုပါက Kyaikhto Revelation Force (KRF)နှင့်ဆက်သွယ်၍ အလင်းဝင်နိုင်သည်"ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော တပ်ဖွဲ့ဝင်များအား လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေသို့ လည်းကောင်း၊ သွားလိုသော အရပ်ဒေသသို့လည်းကောင်း ဘေးအန္တရာယ်ကင်းစွာ ချိတ်ဆက်ပိုဆောင်ပေးမည်ဟုလည်း ကြေညာထားသည်။