သပိတ်ကျင်းမြို့နယ်အတွင်း လမ်းပိုင်းများတွင် ညပိုင်းဖြတ်သန်းခြင်းနှင့် အာဏာသိမ်းတပ်၏ ယာဉ်များဖြင့် အနီးကပ်မောင်းနှင်ခြင်း မပြုကြရန် သပိတ်ကျင်း PDF သတိပေး

Photo:  သပိတ်ကျင်း PDF 
Photo:  သပိတ်ကျင်း PDF 
သပိတ်ကျင်းမြို့နယ်အတွင်း လမ်းပိုင်းများတွင် ညပိုင်းဖြတ်သန်းခြင်းနှင့် အာဏာသိမ်းတပ်၏ ယာဉ်များဖြင့် အနီးကပ်မောင်းနှင်ခြင်း မပြုကြရန် သပိတ်ကျင်း PDF သတိပေး
ဇန်နဝါရီ 25, 2022

 မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  အာဏာသိမ်းစစ်ကောင်စီတပ်၏ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် သပိတ်ကျင်း PDF က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

ပြည်သူအယောင်ဆောင်ကာ သွားလာနေကြသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ကားများနှင့် ကွဲကွဲပြားဖြစ်စေရန် အိမ်စီးကားများကို မှန်တင်မောင်းခြင်း၊ နောက်ဖုံးမိုးကာများအုပ်ကာ မောင်းနှင်ခြင်းများ ရှောင်ရှားကြရန် ထုတ်ပြန်ထားသည်။

ပြည်သူအယောင်ဆောင်ကာ သွားလာနေကြသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် ပြည်သူများဘေးကင်းစေရေးအတွက် ထုတ်ပြန်ချက်ကိုလိုက်နာကြရန် သတိပေးထားပြီး အများပြည်သူအနေဖြင့် မန္တလေး-ဗန်းမော်၊ မန္တလေး-မိုးကုတ် ဗျူဟာလမ်းရှိ သပိတ်ကျင်းမြို့နယ်အတွင်းလမ်းပိုင်းအား ည(၇)နာရီမှ မနက်(၆)နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန်ထုတ်ပြန်ထားသည်။

 မန္တလေး - မြစ်ကြီးနား ဗျူဟာလမ်းမကြီး၊ အင်းတော်မြို့နယ်အတွင်းရှိ ကျောင်းကုန်း - နန့်စီးအောင် လမ်းပိုင်းအတွင်း သွားလာနေသည့် ကားဆရာများနှင့် ခရီးသွားပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ကားများ တွေ့ရှိခဲ့ပါက ၎င်းကားများနှင့်အနီးကပ် မလိုက်ကြရန်  အင်းတော် PDF ကလည်း ယမန်‌နေ့ ဇန်နဝါရီလ(၂၄)ရက်နေ့က ထုတ်ပြန်ထားသည်။

ဒေသကာကွယ်ရေးတပ်များက အာဏာသိမ်းစစ်ကောင်စီတပ်များအား ပစ်မှတ်ထားတိုက်ခိုက်ရာတွင် အများပြည်သူ ဘေးကင်းစေရေးအတွက် မိမိတို့၏ မော်တော်ယာဉ်များအား အရပ်သားဖြစ်ကြောင်း မြင်သာစေရန် မှန်ချ၍ မောင်းနှင်ခြင်း၊ အမိုးအကာဖုံးအုပ်ခြင်းများမပြုလုပ်ဘဲ သယ်ဆောင်ခြင်း၊ အာဏာသိမ်းစစ်တပ်၏ကားများနှင့် အနီးကပ်မောင်းနှင်မှု ရှောင်ရှားခြင်း၊ ညပိုင်းအချိန်ဖြတ်သန်းမှုကို ရှောင်ရှားခြင်းများ ပြုလုပ်ကြရန် ဒေသအလိုက်ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်များ အသီးသီးထုတ်ပြန်နေကြသည်ကို တွေ့ရသည်။