စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာတွင် တပ်မ (၈၈) လက်အောက်ခံ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ၂၀၂ ၂ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ နေလယ်ပိုင်းက မိုင်း(၆)လုံးခွဲပြီး တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ သေဆုံးမှုရှိကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံတပ်သည် ရွှေကူမြို့မှ စုန်ဆင်းလာသော သင်္ဘောနှစ်စီးအား လုံခြုံရေးယူပြီး ရှေ့ကင်းထိုး၍ မိုးတားလေးကျေးရွာရှိ စကစတပ်များနှင့် ပူးပေါင်းချိန်တွင် မြို့လှ PDF တပ်ခွဲ ( ၂ )၊ ကသာ PDF ၊ ဗိုလ်ကံ ဦးဆောင်သော ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပ-က-ဖ) အဖွဲ့များက မိုင်း (၆) လုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းကွဲပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်များသည် အချိန်အတန်ကြာအောင် ရမ်းသန်း ပစ်ခဲ့မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။
ယမန်နေ့ နေ့လယ်ကလည်း ရွှေကူမှ ကသာသို့ စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘောနှစ်စီးကို စောင့်နေသည့် နကူးရွာဟောင်းမှ စစ်ကောင်စီတပ်ကို ABSDF (ကျောင်းသားတပ်)နှင့် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေး (ပ-က-ဖ)ပူးပေါင်းအဖွဲများမှ ၆၀ မမ RPG များဖြင့် ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျဆုံးများနိုင်သည်ဟု ထုတ်ပြန်သည်။