အာဏာသိမ်းအဖွဲ့က COVID 19 ကာကွယ်ဆေးရန်ပုံငွေမှ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး နှင့် အမေရိကန်ဒေါ်လာ (၁၆၆)သန်းကျော် ထုတ်နှုတ် သုံးစွဲထားသည့် ကာလအတွင်း အလှူငွေ ကျပ် (၂)သိန်းခွဲရရှိ

အာဏာသိမ်းအဖွဲ့က COVID 19 ကာကွယ်ဆေးရန်ပုံငွေမှ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး နှင့် အမေရိကန်ဒေါ်လာ (၁၆၆)သန်းကျော် ထုတ်နှုတ် သုံးစွဲထားသည့် ကာလအတွင်း အလှူငွေ ကျပ် (၂)သိန်းခွဲရရှိ
နိုဝင်ဘာ 6, 2021 | အခြားဒေသများ| Covid-19

 အာဏာသိမ်းအဖွဲ့က COVID 19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်အတွင်း ကျပ်သန်းပေါင်း (၁၉၅,၃၉၅)ကျော်နှင့် အမေရိကန်ဒေါ်လာ (၁၆၆)သန်းကျော် သုံးစွဲထားပြီး ယင်းကာလအတွင်း အများပြည်သူမှ ထည့်ဝင်လှူဒါန်းငွေ ကျပ် (၂)သိန်းခွဲ ရရှိထားသည်ကို  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့က ၎င်းတို့ထုတ်ပြန်ထားသည့် စာရင်းမှတစ်ဆင့် သိရသည်။

၆.၁၁.၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားရှိသည့် စာရင်း

အဆိုပါကာလအတွင်း နေရပ်လိပ်စာ မဖေါ်ပြကြသည့် အလှူရှင် ဦးကျော်ဆွေ၊ ဒေါ်ခင်စိုးမြင့်နှင့် ဒေါ်ခင်မာကြူတို့က စုစုပေါင်း အလှူငွေ ကျပ် (၂) သိန်းခွဲ (အာဏာသိမ်းအဖွဲ့၏ ဝါဒဖြန့်သတင်းတွင် ဖေါ်ပြချက်အရ ငွေကျပ် ၀ ဒဿမ ၂၅၀ သန်း) ကို ထည့်ဝင်လှူဒါန်းထားကြခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့သည် NLD အစိုးရကဖွင့်ထားပြီး အများပြည်သူထည့်ဝင်လှူဒါန်းထားသည့် COVID 19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ၏ ကျပ်ငွေစာရင်းမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကာလအတွင်း ကျပ်သန်းပေါင်း (၁၉၅,၃၉၅)ကျော် (၁၉၅,၃၉၅,၅၃၀,၅၂၇.၁၄) သုံးစွဲထားပြီး ကျပ်သန်း (၁၀,၄၅၃)ကျော် (၁၀,၄၅၃,၄၀၀,၀၀၀)ကို အမေရိကန်ဒေါ်လာစာရင်းသို့ အမေရိကန်ဒေါ်လာ (၅.၈)သန်းအဖြစ် လွှဲပြောင်းထည့်သွင်းထားသည်ကို တွေ့ရသည်။

ယင်းကာလအတွင်းမှာပင်  အမေရိကန်ဒေါ်လာစာရင်းမှ အမေရိကန်ဒေါ်လာ (၁၆၆)သန်းကျော် ( ၁၆၆,၆၇၇,၈၀၀)ကို သုံးစွဲထား၍ COVID 19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစာရင်းတွင် နိုဝင်ဘာလ (၅) ရက်နေ့ စာရင်းပိတ်လက်ကျန်အဖြစ် ကျပ်ငွေ (၂၁၅,၈၂၇)သန်းကျော် (၂၁၅.၈၂၇,၀၇၅,၁၄၂.၅၃)နှင့် အမေရိကန်ဒေါ်လာစာရင်းတွင် စာရင်းပိတ်လက်ကျန် အမေရိကန်ဒေါ်လာ (၆)သောင်းကျော် (၆၂,၃၄၉.၅၃) ကျန်ရှိသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့သည် ဇူလိုင်လအတွင်းကလည်း အမေရိကန်ဒေါ်လာရန်ပုံငွေစာရင်းမှ အမေရိကန်ဒေါ်လာ (၁၀)သန်းကျော်ကို ထုတ်နှုတ်သုံးစွဲထားပြီး ယင်းကာလအတွင်း အများပြည်သူထည့်ဝင်ငွေ ကျပ် (၁)သိန်းရရှိထားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က သုံးစွဲနေသည့် အများပြည်သူလှူဒါန်းထားသည့် အဆိုပါကာကွယ်ဆေးရန်ပုံငွေစာရင်းများတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့အထိ စာရင်းဖွင့်လက်ကျန်ငွေမှာ ကျပ်ငွေစာရင်းတွင် ကျပ်သန်းပေါင်း (၃) သောင်းကျော် (၃၀,၈၈၄,၆၉၄,၆၁၅.၃၉)နှင့် ဇူလိုင်လ (၁၂) ရက်နေ့တွင် ဆိပ်ဖြူမြို့မှ ဒေါ်ပြန့်၏ ထည့်ဝင်ငွေ ကျပ် (၁) သိန်းရှိပြီး အမေရိကန်ဒေါ်လာစာရင်းတွင် စာရင်းဖွင့်လက်ကျန် အမေရိကန်ဒေါ်လာ (၁၇၈) သန်း (၁၇၈,၁၄၀,၁၄၉.၅၃)ရှိသည့်အနက် အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် (၁၀,၅၀၀,၀၀၀) ကို တရုတ်မှ ကိုဗစ်ကာကွယ်ဆေးဝယ်ရန် အာဏာသိမ်းအဖွဲ့က ထုတ်၍သုံးစွဲထားခဲ့၍ အဆိုပါဒေါ်လာငွေစာရင်းတွင် လက်ကျန် (၁၆၇)သန်းကျော် (၁၆၇,၆၄၀,၁၄၉.၅၃)ရှိခြင်းဖြစ်သည်။

နိုင်ငံအတွင်း COVID 19 ကာကွယ်ဆေးထိုးနှံရေးအတွက် NLD အစိုးရက နိုင်ငံတော်မတည်ငွေ အမေရိကန်ဒေါ်လာ သန်း (၂၅၀) မတည်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့က COVID 19 ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေစာရင်းကို အများပြည်သူသို့ ကြေညာလိုက်ပြီးနောက် အများပြည်သူထည့်ဝင်ငွေအများအပြားရှိထားပြီး လက်ရှိတွင် အာဏာသိမ်းအဖွဲ့က အဆိုပါ ရန်ပုံငွေစာရင်းကို အသုံးပြုနေခြင်းဖြစ်သည်။