အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ခွင့်မပေးရန် အာဆီယံကဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ လက်ခံနိုင်ခြင်း မရှိကြောင်း မြန်မာအာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့တွင် ထပ်မံ ထုတ်ပြန်လာသည်။
အာဏာသိမ်းထားပြီး ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုအား ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို ကိုယ်တိုင်တက်ခဲ့သည့် အာဏာသိမ်းခေါင်းဆောင်က အဆိုပါ သဘောတူညီချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းမပြု၍ လာမည့်အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ခွင့်မပြုရန် အောက်တိုဘာလ (၁၅) ရက်နေ့က အရေးပေါ်အစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ပြီးနောက် မြန်မာအာဏာသိမ်းအဖွဲ့က နိုင်ငံရေးအကျဉ်းသား (၅၀၀၀) ကျော်ကို လွှတ်ပေးသည်ဟု ကြေညာချက်ထုတ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်ပတ်အတွင်း ဒုတိယမြောက် ထုတ်ပြန်ချက်ကို ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် “အာဆီယံထိပ်သီးအစည်းအဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရ အဖွဲ့အကြီးအကဲများဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ပြဌာန်းထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကြီးအကဲမှ အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့်အဝရပိုင်ခွင့်ရှိပါသည်”ဟု အာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ပြည်သူရွေးကောက်သည့်အစိုးရအား ဖမ်းထားကာ နိုင်ငံ့အာဏာသိမ်းပြီး ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ပြည်သူများ၏ခုခံကာကွယ်တော်လှန်စစ်ကိုပါ ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့က အာဆီယံ၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အောက်တိုဘာလ (၁၆) ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် “ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း သတိပေးဖော်ပြအပ်ပါသည်”ဟု အာဆီယံကို သတိပေးထားသော်လည်း အောက်တိုဘာလ (၂၂) ရက်နေ့ ထုတ်ပြန်ချက်တွင် “အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း အာဆီယံအဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အချက်အခြာကျမှု စသော ရေရှည်အကျိုးစီးပွားများကို ရည်မျှော်၍ အာဆီယံပဋိညာဉ်စာတမ်းပါ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်”ဟု ဖေါ်ပြလာသည်ကို တွေ့ရသည်။
#TachileikNewsAgency