မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း အာဏာသိမ်းစစ်တပ်၏ စစ်ကား (၂) စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ(၁)မှ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အာဏာသိမ်းစစ်တပ်ဘက်က (၅) ဦးသေဆုံးကာ (၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့တွင် KNU က သတင်းထုတ်ပြန်သည်။
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်-သိမ်ဇရပ်ကားလမ်းမပေါ်ရှိ ခဝါချောင်းသံတံတားအနီးတွင် အောက်တိုဘာလ (၃) ရက်နေ့ မနက် (၇) နာရီ (၁၅) မိနစ်တွင် အာဏာသိမ်းစစ်တပ်မှ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၃) ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့သလို သထုံခရိုင်၊ တကောင်းဘိုးကျေးရွာအုပ်စု၊ မီးပုံကျေးရွာအနီးတွင် နေ့လည် (၁၂) နာရီ (၄၅) မိနစ်က အာဏာသိမ်းစစ်တပ်၏ ကားတစ်စီးကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၁)မှ ကြားဖြတ်တိုက်ခိုက်ရာ (၂) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်တိုက်ခိုက်ပြီးချိန်တွင် ကုန်းတန်းကြီးကျေးရွာရှိ အာဏာသိမ်းစစ်တပ်မှ ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူတစ်ဦးကို တားဆီးရာ ရပ်တန့်မပေးသဖြင့် ပစ်ခတ်ရာမှ ဆိုင်ကယ်မောင်းနှင်လာသူကိုမထိပဲ အာဏာသိမ်းစစ်တပ်မှ စစ်သားတစ်ဦး၏ ခြေထောက်ကိုထိမှန်ခဲ့ကြောင်းလည်း သိရသည်။