ခရမ်းမြို့၏ ပစ်ခတ်ပေါက်ကွဲမှုအတွင်း ဖမ်းခံရသည့် လူငယ်တစ်ဦး စစ်ကြောရေးတွင် သေဆုံး

ခရမ်းမြို့၏ ပစ်ခတ်ပေါက်ကွဲမှုအတွင်း ဖမ်းခံရသည့် လူငယ်တစ်ဦး စစ်ကြောရေးတွင် သေဆုံး
စက်တင်ဘာ 18, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရမ်းမြို့တွင်  စက်တင်ဘာလ(၁၇)ရက်နေ့က ဖြစ်ပွားသည့် ပစ်ခတ်ပေါက်ကွဲမှုအတွင်း အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးမှုကို ခံလိုက်ရသည့် လူငယ်တစ်ဦးသည် စစ်ကြောရေးတွင် သေဆုံးသွားကြောင်း  သိရသည်။

ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံးသွားသူမှာ ခရမ်းမြို့ပေါ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရစဉ် ဒဏ်ရာများလည်း ရထားကြောင်း သိရသည်။ 

"သေဆုံးသွားတာကို အတွင်းသတင်းကနေ သိရတယ်။ ဖမ်းခံရတုန်းကလည်း ဒဏ်ရာတွေရထားသေးတယ်။ အလောင်းကိုတော့ ခုထိ ပြန်မရသေးဘူး။ စောင့်ကြည့်ရဦးမယ်"ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ခရမ်းမြို့တွင် စက်တင်ဘာလ(၁၇)ရက်နေ့က ပေါက်ကွဲပစ်ခတ်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅)ဦးသေဆုံးကာ ပြည်သူ(၂) ဦးကျဆုံးပြီး (၁)ဦးမှာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူမှာလည်း စစ်ကြောရေးအတွက် သေဆုံးသွားသည့်အတွက် ခရမ်းမြို့တွင် ကျဆုံးပြည်သူ(၃)ဦးအထိ ရှိနေသည်။

ရက်ပိုင်းအတွင်း ခရမ်းမြို့တွင် အာဏာသိမ်းစစ်တပ်က မြို့အဝင်အထွက်များအပြင် မြို့တွင်းနေရာများတွင်လည်း ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ခရမ်းမြို့နေ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ မထွက်ကြရန် နှင့် နေအိမ်ပြင်ပ ထွက်ပါကလည်း လက်ကိုင်ဖုန်းများကို မယူသွားကြရန်၊ စစ်ဆေးရေးနေရာများကိုလည်း ရှောင်ကွင်းသွားကြရန် ဒေသခံ အချင်းချင်း အသိပေးထားသည်။

ခရမ်းမြို့တွင် အာဏာသိမ်းစစ်တပ်က အင်အားများဖြည့်တင်းထားကြောင်းလည်း သိရသည်။