NUG အစိုးရ PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် AAC ဦးစီးသည့် ထိုင်းနိုင်ငံရောက် မြန်မာများက မော်တော်ယာဉ်တစ်စီး လှူဒါန်း

NUG အစိုးရ PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် AAC ဦးစီးသည့် ထိုင်းနိုင်ငံရောက် မြန်မာများက မော်တော်ယာဉ်တစ်စီး လှူဒါန်း
သြဂုတ် 14, 2021

NUG (အမျိုးသားညီညွတ်ရေးအစိုးရ) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန်  AAC ဦးစီးသည့် ထိုင်းနိုင်ငံရောက် မြန်မာများက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် မော်တော်ယာဉ်တစ်စီးလှူဒါန်းထားကြောင်း သိရသည်။

ထိုင်းဘတ်ငွေ (၄၉၀,၀၀၀) တန်ဖိုးရှိ မော်တော်ယာဉ်ကို ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းပို့ဆောင်ရေး၊ ဆက်သွယ် ညှိနှိုင်းရေးတာဝန်ခံ ကိုရဲမင်း(AAC) မှ တစ်ဆင့် တောင်ပိုင်းတိုင်း စစ်ဦးစီးချုပ်ထံ တိုက်ရိုက်လှူဒါန်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကားမှာ ထိုင်းနိုင်ငံအခြေစိုက် AAC အဖွဲ့ဦးဆောင်သည့် ထိုင်းနိုင်ငံရောက်မြန်မာများက ဇူလိုင်လအတွင်းက NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ ကျပ်သိန်း (၁၅၀၀) လှူဒါန်းစဉ်က  တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် လှူဒါန်းရန် ကတိပေးထားခဲ့ခြင်းဖြစ်သည်။

 

NUG အစိုးရဝန်ကြီးဌာနအသီးသီးထံမှတစ်ဆင့် အရေးပေါ်လိုအပ်သည့်နေရာများ ရောက်ရှိရေးအတွက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှတစ်ဆင့် လှူဒါန်းပေးနေရာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ယခင်ကလည်း ထိုင်းဘတ်ငွေ (၁) သန်း လှူဒါန်းပေးထားသည်ဟု သိရသည်။

AAC မဟာမိတ်အဖွဲ့မှ ဦးရဲမင်းသည် NUG အစိုးရ၏ ထိုင်းနိုင်ငံဆိုင်ရာ ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းပို့ဆောင်ရေး၊ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လှူဒါန်းမှုများကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အရေးပေါ်လိုအပ်သည့်နေရာများသို့ တိုက်ရိုက်ချိတ်ဆက်လှူဒါန်းပေးနေခြင်းဖြစ်သည်။

#TachileikNewsAgency