ကုလသမဂ္ဂညီလာခံတွင် နိုင်ငံ၏ အစိုးရအဖြစ် NUG ကို လက်ခံစေလိုကြောင်း သဘောထား ဖေါ်ပြသည့် ပြည်သူများက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံပါ၊ စစ်တပ်ကို ငြင်းပါဟု အဓိပ္ပာယ်ရသည့် “Accept NUG ၊ Reject Military” ပရိုဖိုင် ကမ်ပိန်းကို လုပ်ဆောင်နေသူများကို စာရင်းမှတ်ထားရန် အာဏာသိမ်း စစ်ကောင်စီက ညွန်ကြားထားသည်ဟု သိရသည်။
အဆိုပါညွှန်ကြားစာကြေးနန်းမှာ လူမှုကွန်ယက်စာမျက်နှာတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့၌ ပျံ့နှံ့လာခြင်းဖြစ်သည်။
ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ကို အာဏာသိမ်းအဖွဲ့အား မပေးဘဲ NUG (အမျိုးသားညီညွတ်ရေးအစိုးရ )အား ပေးရန် ပြည်သူများက သဘောထားဖေါ်ပြသည့်အနေဖြင့် facebook တွင် ပရိုဖိုင်ပြောင်းသည့်ကမ်ပိန်းကို စတင်လုပ်ဆောင်နေကြခြင်းဖြစ်သည်။
နှစ်စဥ်ကျင်းပလေ့ရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမစတင်ခင်တွင် နိုင်ငံတိုင်း၏ နိုင်ငံကိုယ်စားပြုခွင့်အတွက် အမည်စာရင်းတင်သွင်းရန် နိုင်ငံတိုင်းက တင်သွင်းရခြင်းဖြစ်ရာ လက်ရှိတွင် ကုလညီလာခံက မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြုခွင့်ကို အာဏာသိမ်းအဖွဲ့နှင့် NUG မှ တစ်ဖွဲ့ကို ရွေးချယ်မည်ဖြစ်၍ လူထုက သဘောထားဖေါ်ပြသည့်ကမ်ပိန်းပြုလုပ်နေကြခြင်းဖြစ်သည်။